အရပ်သား အစိုးရ လက်ထက် လူ့အခွင့်အရေး တိုးတက်မှု မရှိ

ဓာတ်ပုံ မူပိုင် Myanmar Fifth Estate
Image caption ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ စိတ်ချလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း တောင်းဆို

ရန်ကန် သခင်မြပန်းခြံမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေက ပြုလုပ်နေတဲ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို Equality Myanmar ၊ Myanmar Fifth Estate စတဲ့ အရပ်ဘက် လူမှု့အဖွဲ့အစည်းတွေက ဦးဆောင်မှုနဲ့ ကျင်းပခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အတွက် ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ပြည်သူလူထုက တင်မြောက်ထားတဲ့ အစိုးရ လက်ထက်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိသာစွာ တိုးတက်မှု မမြင်ရသေးဘူးလို့ ဖော်ပြထားပြီး လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေအနေနဲ့လည်း အဘက်ဘက်မှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အရပ်သား အစိုးရလက်ထက်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်အောင် ကြိုးစားတာတော့ တွေ့ရတယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။

လူ့အခွင့်အရေးအခြေအနေမတိုးတက်ရတာဟာ အမြစ်တွယ်နေတဲ့ အကျင့်ဆိုး ဆိုးမွေတွေကို မပယ်နိုင်တာကြောင့် ဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်သူတွေ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အချို့ ဥပဒေတွေက အကာအကွယ်ပေးနေတာ ၊ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေတွေကို မပယ်ဖျက်နိုင်တာတွေက စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပရေး ကော်မတီ ရန်ကုန်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းတွေကို လေးစားလိုက်နာမှု ပြသရန် နှောင့်နှေးကြန့်ကြာနေတယ်လို့ ဆိုသလို တိုင်းရင်းသားဒေသအသီးသီးမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှုတွေ လုံးဝရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ စိတ်ချလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း တောင်းဆိုထားသလို မတရားဖိနှိပ်တဲ့ ဥပဒေတွေနဲ့ အရေးယူထားရသူတွေ တရားစွဲခံနေရသူတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဖိနှိပ်တဲ့ ဥပဒေတွေကိုလည်း ပြန်လည်ပြင်ဆင်ဖို့ တိုက်တွန်းထားသလို အမျိုးသမီး ၊ ကလေးသူငယ်နဲ့ မသန်စွမ်းသူတွေအပါအဝင် မူရင်းဌာနလူမျိုးစု လူနည်းစုတွေအပေါ် အကာအကွယ်ပေးတဲ့ ဥပဒေသစ်တွေကို အမြန်ဆုံး ပြဌာန်းဖို့နဲ့ ထိရောက်စွာ အကောင်ထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။

လွတ်လပ်တဲ့ တရားစီရင်ရေးပေါ်ပေါက်ဖို့ တရားစီရင်ရေး ကဏ္ဍမှာ ဝင်ရောက်ကြိုးကိုင် စွပ်ဖက်မှုတွေ ရပ်တန့်ပြီး အဂတိလိုက်စားမှုတွေကို ထိရောက်စွာ အရေးယူဖို့လည်း တိုက်တွန်းထားသလို နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်စာတမ်းတွေကို လေးစားလိုက်နာ အကောင်ထည်ဖော်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေမှုအပေါ် အရေးယူနိုင်တဲ့ တရားစီရင်ရေး စနစ်ဖြစ်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဂုဏ်ပြုရေး ထုတ်ပြန်ချက်မှာ ၂၀၁၇ အတွင်း တိုင်ကြားချက် ၃၅၉ ခုကို စိစစ်ခဲ့တယ်လို့ ဖော်ပြထားပြီး မြန်မာနိုင်ငံမှာ သေဒဏ်ကိုတရားဝင်ရပ်ဆိုင်းဖို့ နိုင်ငံတော် သမ္မတကို တင်ပြထားတယ်ဆိုတဲ့ အချက် လည်း ပါဝင်ခဲ့ပါတယ်။