ကချင်ပါတီတွေ အားလုံးပူးပေါင်းဖို့ ရည်ရွယ်

ဓာတ်ပုံ မူပိုင် KNC Facebook
Image caption ကချင်ပြည်နယ် အကျိုးကို အမှန်တကယ် သိရှိတဲ့ ကချင်အမတ်တွေ ကချင်လွှတ်တော်မှာ များလာဖို့ကိုလည်း ကချင်ပြည်သူလူထုက လိုလား

ကချင် နိုင်ငံရေး ပါတီ လေးခု ပေါင်းစည်းရေး အပြီးသတ်ဆွေးနွေးမယ့် ညီလာခံကို ၂၀၁၈ ဇန်နဝါရီလထဲမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ကျန်တဲ့ ကချင်ပြည်နယ် အခြေစိုက် မျိုးနွယ်စု ပါတီငယ်တွေနဲ့လည်း ပူးပေါင်းဖို့ စည်းရုံးသွားမှာ ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ဘီဘီစီကို ပြောပါတယ်။

အခုလို ပေါင်းစည်းရေး ညီလာခံလုပ်မယ့် ပါတီလေးခုကတော့ ကချင် ဒီမိုကရက်တစ်ပါတီ KDP ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ၊ ကချင် အမျိုးသား ကွန်ဂရက် ပါတီ KNC ၊ လော်ဝေါ် အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNUDP တို့ ဖြစ်ပါတယ်။

အဲဒီ ညီလာခံကို ဘယ်နေ့မှာ လုပ်မလဲ ဆိုတာ ရက် မသတ်မှတ်ရသေး ပေမယ့် လောလောဆယ်မှာ ပါတီတွင်း ဆွေးနွေးမှုတွေ ပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

လေးပါတီ တပ်ပေါင်းစု အနေနဲ့ကတော့ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ KPCC ကို ၂၀၁၇ ဧပြီလကတည်းက ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

အခုလို ပေါင်းစည်းဖို့ ဆုံးဖြတ်ရတာဟာ ပြည်သူ့အကျိုးအတွက်ဆိုတဲ့ ရည်ရွယ်ချက်တူတာ အပြင် ကချင် ပြည်သူလူထုက တိုက်တွန်းမှု ရှိတာကလည်း တကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

ပါတီ ကွဲပြားမှုတွေ ရှိတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်တွင်း မဲရရှိမှု ပြန့်ကျဲသွားခဲ့တဲ့ သင်ခန်းစာရှိခဲ့ပြီး ကချင်ပြည်နယ် အကျိုးကို အမှန်တကယ် သိရှိတဲ့ ကချင်အမတ်တွေ ကချင်လွှတ်တော်မှာ များလာဖို့ကိုလည်း ကချင်ပြည်သူလူထုက လိုလားနေကြောင်း ဒေါက်တာ မနမ်တူးဂျာက ပြောပါတယ်။

အခုလို ကျင်းပမယ့် ကချင်ပါတီတွေ ပေါင်းစည်းရေး ညီလာခံမှာ ပါတီသစ် အမည်၊ အလံ၊ စည်းကမ်းနဲ့ ဘုံသဘောတူညီချက်တွေ ရဖို့ အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကချင်ပါတီတွေ အချင်းချင်း ပေါင်းစည်းဖို့ ညီလာခံ လုပ်ပြီးရင် လူထုဘက်က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံ အကြံပြုချက်တွေ ရယူသွားမှာ ဖြစ်ပြီး နောက်တဆင့် အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီတခုတည်း အနေနဲ့ မှတ်ပုံတင်ဖို့ အဆင့်ဆင့် စီစဉ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအမတ်တွေက အနိုင်ရ လွှမ်းမိုးထားတာဖြစ်ပါတယ်။