မြန်မာကျောက်မျက်တွေ မဝယ်တော့ဖို့ Cartier ဆုံးဖြတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption Cartier ကုမ္ပဏီက ရောင်းတဲ့ ကျောက်မျက်တွေထဲမှာ မြန်မာ ကျောက်မျက်တွေပါဝင်

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်တပ်က လူမျိုးတုံး ရှင်းလင်းနေမှုတွေကြောင့် မြန်မာနိုင်ငံနဲ့ ကျောက်အရောင်းအဝယ် မလုပ်တော့ဘူးလို့ Cartier ထိပ်တန်း ကျောက်မျက် ကုမ္ပဏီကြီးက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

အဲဒီမတိုင်ခင်ကလည်း Tiffny & Co ထိပ်တန်း ကျောက်မျက် ကုမ္ပဏီက မြန်မာနိုင်ငံက ကျောက်မျက် ရတနာတွေကို မဝယ်တော့ဘူးလို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

Cartier ကုမ္ပဏီက မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မျက် ရတနာတွေကို မဝယ်တော့ဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာ တပ်မတော်အပေါ် သာမန် လူတွေက တိုက်ရိုက် ဒဏ်ခတ် ပိတ်ဆို့နိုင်တယ် ဆိုတာကို ဖေါ်ပြနေတယ်လို့ ပြောပါတယ်။

အခုလို ရခိုင် ပြဿနာကို ပုံကြီးချဲ့ ဆွဲသွင်းပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်ကောင်း ထိခိုက်မှာ ဖြစ်ပေမယ့် မြန်မာပြည်ထွက် ပတ္တမြားလို အရည်အသွေး ကောင်းတဲ့ ကျောက်မျက်မျိုးကို ဝယ်လိုအား များနေတဲ့အတွက် မြန်မာ ကျောက်မျက် ရောင်းအားကိုတော့ ထိခိုက်စရာ မရှိဘူးလို့ SP Gems ကုမ္ပဏီက ကို အောင်ကျော်ဇင်က ဘီဘီစီကို ပြောပါတယ်။

တကယ်တမ်းမှာ ဒီ ထိပ်တန်း ကျောက်မျက် ကုမ္ပဏီကြီးတွေအနေနဲ့ အရည်အသွေး မကောင်းတဲ့ အာဖရိကဒေသ မိုဘမ်ဘိခ်နိုင်ငံထွက် ကျောက်မျက်မျိုးတွေကို ရှေ့တန်းတင် ရောင်းချချင်တာကြောင့် မလိမ့်တပတ်နဲ့ အခုလို အသုံးချခဲ့တာလို့ ဆိုပါတယ်။

အရင် စစ်အစိုးရ လက်ထက်တုန်းက EU ဥရောပ သမဂ္ဂနဲ့ အမေရိကန်က မြန်မာကျောက်မျက် ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ် ထားခဲ့မှုတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်မှာ ပြန်ရုတ်သိမ်းပေးခဲ့ပါတယ်။