ကုမ္ပဏီများဥပဒေသစ် အကောင်အထည်ဖော်ဖို့ အဆင်သင့် ဖြစ်မနေ

Image caption လိုအပ်နေတဲ့ ငွေသားတွေ နိုင်ငံခြားကနေ စီးဝင်လာစေနိုင်

မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမို လမ်းဖွင့်ပေးဖို့ ပြင်ဆင် ဖြည့်စွက်ထားတဲ့ ကုမ္ပဏီများ ဥပဒေ ကို ၊ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ သမ္မတက အတည်ပြုခဲ့ပေမယ့် ၊ တကယ်တမ်း အကောင်အထည် ဖော်နိုင်ဖို့ ကြန့်ကြာလိမ့်ဦးမယ် ဆိုပြီး မြန်မာ အဆင့်မြင့် အရာရှိတွေကို ကိုးကားလို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

နိုင်ငံခြားသားတွေ ရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီမျိုးကို ပြည်တွင်း လုပ်ငန်းရှင်တွေ သက်သက် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ တန်းတူ အဲဒီ ဥပဒေသစ်က အခွင့်အရေး ပေးဖို့ ပြင်ဆင် ထားတာ ဖြစ်ပါတယ်။

ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ချင် ပေမယ့်လည်း လုပ်ဆောင်ရမှာတွေ အများကြီး ရှိနေသေးတယ်လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်တန်း အရာရှိတွေက ဆိုပါတယ်။

Image caption နိုင်ငံခြားသားတွေကို ရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ခွင့်ပေးထား

၂ဝ၁၈ ဩဂုတ်လ မတိုင်မီ လိုအပ်တာတွေ အသင့်ရှိဖို့ ပြင်ဆင်မယ် ဆိုပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီ မှတ်ပုံတင်ရေး ဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာနရဲ့ အကြီးအကဲ ဦးအောင်နိုင်ဦးက ရိုက်တာကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ကုမ္ပဏီများ ဥပဒေသစ်ဟာ ပြည်တွင်း ဘဏ်လုပ်ငန်းတွေ၊ အိမ်ယာစီမံကိန်းတွေ အတွက် လိုအပ် နေတဲ့ ငွေသားတွေ နိုင်ငံခြားကနေ စီးဝင်လာစေနိုင်တယ် ဆိုပြီး ကြိုဆို မှုတွေ ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စီးပွားရေး

အကောင်အထည်ဖော်ဖို့ ကြန့်ကြာတာဟာ အစိုးရရဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒကြောင့် ဟုတ်ပုံမရပဲ နည်းစနစ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ စီမံခန့်ခွဲမှု ဆိုင်ရာ အားနည်းချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူ တချို့က သုံးသပ်ကြပါတယ်။

ဒီလို ကြန့်ကြာမှုကြောင့် မြန်မာနိုင်ငံတွင်း လာရောက် ရင်းနှီးမြှုပ်နှံလိုသူတွေ စိတ်ပျက်သွား စေနိုင်ပြီး၊ နိုင်ငံခြား အရင်းအနှီး လိုအပ်နေတဲ့ ပြည်တွင်း လုပ်ငန်းတချို့ အပေါ်လည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ ယူဆမှုတွေလည်း ရှိနေကြပါတယ်။