မြန်မာပြည်ထဲ စီးပွားရေးလုပ်ဖို့ ယုံကြည်မှု ကျဆင်း

ဓာတ်ပုံ မူပိုင် World Bank Group
Image caption အစိုးရမှာ ပြတ်သားတဲ့ စီးပွားရေး မူဝါဒ ရှိမနေ

မြန်မာနိုင်ငံထဲ စီးပွားရေး လုပ်ကိုင်ဖို့ရာ ယုံကြည် စိတ်ချရမှု အခုနှစ်ထဲ သိသိသာသာ ကျဆင်းသွားတယ်လို့ အသစ် ထွက်ပေါ်လာတဲ့ လေ့လာမှု စစ်တမ်းတစ်စောင်က ဆိုပါတယ်။

အစိုးရမှာ ပြတ်သားတဲ့ စီးပွားရေး မူဝါဒ ရှိမနေတာက ကျဆင်းရတဲ့ အဓိက အကြောင်းထဲ ပါဝင်တယ်လို့ အဲဒီ အစီရင်ခံစာက ဝေဖန် ထားပါတယ်။

ဒီအစီရင်ခံစာကို ဂျာမနီနိုင်ငံ၊ မြူးနစ် အခြေစိုက် ရိုလန်ဘာဂါ လို့ ခေါ်တဲ့ မဟာဗျူဟာ ကျွမ်းကျင်သူတွေ အဖွဲ့နဲ့ မြန်မာ ကုန်သည်/စက်မှု အသင်းချုပ် UMFCCI တို့ ပူးပေါင်း ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

Image caption ၄၉% ထိကျဆင်း သွား

၂ဝ၁၇ ဇွန်လက စပြီး ကောက်ယူကြည့်တဲ့ စစ်တမ်းတွေအရ ပြည်တွင်း လုပ်ငန်းရှင်တွေရော၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေပါ ယုံကြည် စိတ်ချမှု ကျဆင်းတာ တွေ့ရတယ်လို့ ရိုလင်ဘာဂါ အဖွဲ့ရဲ့ အရှေ့တောင်အာရှ အုပ်ချုပ်မှု မိတ်ဖက် တာဝန်ခံ ထောမတ်စ် ကလော့စ်က ပြောပါတယ်။

ဒီစစ်တမ်းတွေ ထောက်ပြထားတဲ့ တခြား အဓိက အချက်တွေကတော့ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာ အပြင်၊ မျှော်လင့်မထားတဲ့ ဥပဒေတွေ နည်းဥပဒေတွေ ထွက်လာမှာမျိုးကို စိုးရိမ် နေကြတယ်လို့ ဆိုပါတယ်။

ရိုလန်ဘာဂါ အဖွဲ့ မနှစ်က အခုလို အချိန်မှာ ပထမဆုံး ထုတ်ပြန်လာတဲ့ စစ်တမ်းထဲ ယုံကြည်စိတ်ချမှု ၇၃ % ရှိတယ်လို့ ဆိုထားရာကနေ၊ အခုနှစ်မှာတော့ ၄၉% ထိကျဆင်း သွားတာ ဖြစ်ပါတယ်။