ရိုက်တာရဲ့ မြန်မာသတင်းထောက် ၂ ဦး ထိန်းသိမ်းခံရ

ဓာတ်ပုံ မူပိုင် YJS
Image caption ဖမ်းဆီးခံရသူ တဦးဖြစ်သူ သတင်းထောက် ဝလုံး (ကိုသက်ဦးမောင်)

ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက် ၂ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ မင်္ဂလာဒုံ မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး မင်းသန့် က ဘီဘီစီကို အတည်ပြုပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့၊ အင်္ဂါနေ့ ည ၁၁ နာရီ ဝန်းကျင် ထောက်ကြန့်နားမှာ သတင်းထောက်တွေကို သူကိုယ်တိုင် ဦးဆောင်တဲ့ မင်္ဂလာဒုံ မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းခဲ့တာ ဖြစ်တယ်လို့ ရဲမှူး မင်းသန့်က ပြောပါတယ်။

ယူကေအခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို အစိုးရလျို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့်ထားတယ်လို့လည်း သူက ဆိုပါတယ်။

သူတို့ကို မင်္ဂလာဒုံတရားရုံးမှာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ချက်ချင်း ရုံးထုတ်ခဲ့ပြီး ချုပ်ရက် ရမန်ယူထားတယ်လို့လည်း ရဲမှူး မင်းသန့်က ပြောပါတယ်။

ဘီဘီစီ ရရှိတဲ့ ရဲမှတ်တမ်းမှာတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရှေ့တန်း အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲ ရဲ့ ၂၇-၈-၂၀၁၇ ရက်စွဲပါ တိုက်ပွဲ ဖြစ်စဉ်အပြီး ကျန်ရှိတဲ့ လူ၊ လက်နက်၊ ခဲယမ်း စာရင်း ပေးပို့တဲ့အစီရင်ခံစာ မိတ္တူ အပါအဝင် အခြား စာရွက်စာတမ်း တချို့ သတင်းထောက်တွေရဲ့ လက်ထဲမှာ တွေ့ရှိခဲ့လို့ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲ ရဲ့ တပ်ရေးဗိုလ်ကြီး ဒုရဲမှူး ဇော်နိုင်က တရားလိုပြု အမှုဖွင့်ထားတယ်လို့ ပါရှိပါတယ်။

အခုလောလောဆယ် သူတို့ နှစ်ယောက်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ ဆိုတာကိုတော့ အတည်ပြု လို့ မရသေးပါဘူး။

နိုဝင်ဘာ ၁၂ ရက် ညကတည်းက သူတို့ရဲ့ သတင်းထောက် ၂ ယောက်နဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ ရန်ကုန် ရိုက်တာရုံးက ဘီဘီစီကို ပြောပါတယ်။

ကိုဝလုံးရဲ့ အမျိုသမီး ဖြစ်သူကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ နိုဝင်ဘာ ၁၂ ရက် ညနေက သူ့ အမျိုးသားနဲ့ နောက်ဆုံး တွေ့ရှိခဲ့ပြီး အဲဒီ နောက်ပိုင်းမှာတော့ အဆက်အသွယ် မရ ဖြစ်နေတယ်လို့ ပြန်လည် ဖြေကြားပါတယ်။

ရဲတွေကိုလည်း အရေးယူ

သတင်းထောက်နှစ်ယောက်ဟာ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက တပ်ဖွဲ့ဝင်တွေကို ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ တပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာတွေပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်း ရယူဆောင်ရွက်ခဲ့တယ်လို့ အစိုးရသတင်းမီဒီယာမှာ ဖော်ပြပါတယ်။

ဒီအမှုတွဲမှာ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးကိုလည်းထိရောက်စွာ အရေးယူမယ်လို့ အစိုးရပိုင် မီဒီယာက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ