တနိုင်း တိုက်ပွဲတွေကြောင့် ဆန်ဆီပြတ်လပ်၊ စပါး ရိတ်ခွင့်မရ

ဓာတ်ပုံ မူပိုင် SENG MAI
Image caption တောင်ယာစိုက်ခင်းတွေနဲ့ နီးနေတာကြောင့် ဒေသခံတွေဟာ ဆန်စပါးရိတ်သိမ်းဖို့ အတွက် စိုက်ခင်းစီကို မသွားရဲ

တနိုင်းဒေသ၊ တဆောင်းခ ချောင်းခြားဆုံတဲ့ နေရာ မှာ ကေအိုင်အေနဲ့ တပ်မတော် အကြား ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်စစ်ကြောင်းနဲ့ ကေအိုင်အေတို့ကြားမှာ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေတာဟာ နိုဝင်ဘာလကုန်ကတည်းကလို့ တနိုင်းဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် လောလောဆယ်ဖြစ်ရတဲ့ အကြောင်းကတော့ ကေအိုင်အေတပ်ရင်း (၁၄)ပိုင်နယ်မြေထဲကို တပ်မတော် ဘက် က အင်အား တိုးချဲ့ လာတာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ပွဲဖြစ်ပွားတဲ့နေရာက လူတွေနေထိုင်နေတဲ့ နေရာတွေနဲ့ဝေးပီး တောင်ယာစိုက်ခင်းတွေနဲ့ နီးနေတာကြောင့် ဒေသခံတွေဟာ ဆန်စပါးရိတ်သိမ်းဖို့ အတွက် စိုက်ခင်းစီကို မသွားရဲကြဘူးလို့ ဒေသခံတွေကပြောပါတယ်။

နမ်းဖြတ် ချောင်း ဘက်ကို လည်း တပ်မတော် ဘက် က စစ်သည် တွေ ဝင်ရောက် လာတဲ့ အတွက် တိုက်ပွဲ တွေ ရတာ ဖြစ်တယ်လို့ ဒေသခံ ဦးတူးရှန် က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်နဲ့ ကေအိုင်အေကြား တနိုင်းဒေသမှာ တိုက်ပွဲတွေဖြစ်ပွားတာက ၂၀၁၇ ဇွန်လက စတင်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးနေရသူတွေလည်း ရှိနေပါတယ်။

တနိုင်းဒေသကို ကုန်စည်တွေ တင်ပို့နေရာမှာလည်း ကေအိုင်အေ တပ်ဆီကို ရောက်နေတယ်ဆိုပြီးပြည်နယ်အစိုးရက အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ပေးပါတယ်။

ဒီလို အကန့်အသတ်နဲ့ တင်သွင်းနေရတာကြောင့် စက်သုံးဆီနဲ့ဆန်ဟာ လုံလောက်မှု မရှိပဲ ပစ္စည်းပြတ်တာတွေ ဈေးမြင့်လာတာတွေဖြစ်နေပါတယ်။

ဒီတိုက်ပွဲတွေ ပြင်းထန်လာမယ်ဆိုရင် ပြည်နယ် အစိုးရအပေါ် တင်ပြသွားမယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ဘီဘီစီကိုပြောပါတယ်။

တနိုင်းဒေသ စက်သုံးဆီဆန် မလုံလောက်မှု ဖြစ်နေတဲ့ချိန်မှာ ဒေသမှာ စိုက်ပျိုးထားတဲ့ တောင်ယာစပါးစိုက်ခင်းတွေဟာ တိုက်ပွဲတွေကြောင့် အချိန်မီ ရိတ်သိမ်းဖို့ အတွက် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ပြောကြပါတယ်။

ဆက်စပ် အကြောင်းအရာများ