သတင်းထောက်တွေကို ချက်ခြင်း ပြန်လွှတ်ဖို့ ရိုက်တာတောင်းဆို

Image caption ရိုက်တာ သတင်းထောက်တွေ အဖမ်းခံရ

ရိုက်တာ သတင်းထောက် နှစ်ယောက် အင်္ဂါနေ့ ည နေပိုင်းတုန်းက ရန်ကုန်မှာ အဖမ်း ခံခဲ့ရတဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ဂယက်တွေ အကြီးအကျယ် ထွက်ပေါ် နေပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ယောက် ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ ရခိုင်ပြည်နယ် ထဲက လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်နေတဲ့ အရေးကြီး သတင်းတွေကို တရားမဝင် ရယူခဲ့လို ဆိုပြီး အဖမ်း ခံခဲ့ရတာပါ။

သတင်းသမားတွေ သတင်းကိစ္စလုပ်လို့ ဖမ်းခံရတယ် ဆိုတာ စာနယ်ဇင်း လွတ်လပ်ခွင့် အပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက် တိုက်ခိုက်တာပဲလို့ ရိုက်တာ သတင်းဌာနဘက်က ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချပါတယ်။

ရိုက်တာ သတင်းထောက်တွေကို ချက်ခြင်း ပြန်လွှတ် ပေးဖို့လည်း ရိုက်တာရဲ့ ဥက္ကဌလည်းဖြစ်၊ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ စတီဖင် ဂျေ အက်ဒ်လာက မြန်မာ အာဏာပိုင်တွေကို တောင်းဆိုပါတယ်။

လက်ထိပ်ခတ်ခံထားရတဲ့ သတင်းထောက်တွေ

ရိုက်တာ သတင်းထောက်တွေ ဖမ်းထားကြောင်း အစိုးရ ပြန်ကြားရေးဌာနရဲ့ အတည်ပြု ထုတ်ပြန်ချက်ထဲ လက်ထိပ်ခတ်ခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ရဲ့ ဓာတ်ပုံကို ပါ ပူးတွဲ ဖော်ပြ ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်တော ဒေသထံ လှုပ်ရှားခဲ့တဲ့ ရဲတပ်ဖွဲ့တွေကို ချည်းကပ်ပြီး၊ အရေးကြီး စာရွက်စာတမ်းတွေကို ပြည်ပ သတင်းဌာနကို ပို့ဖို့ ရည်ရွယ်ချက်နဲ့ ရယူခဲ့တဲ့ အတွက် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ-၃ နဲ့ အမှုဖွင့် ထားတယ်ဆိုပြီး ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

သတင်းထောက်နှစ်ယောက်နဲ့ ပတ်သက်ခဲ့တဲ့ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption လက်ထိပ်ခတ်ခံထားရတဲ့ သတင်းထောက်တွေ

လျှို့ဝှက်စာရွက်တွေနဲ့ အတူမိ

သတင်းထောက်နှစ်ဦးကို ရခိုင်မြောက်ပိုင်း တိုက်ပွဲ အသေးစိတ် အစီရင်ခံစာ၊ ရဲကင်းစခန်း မြေပုံ အကြမ်းစာရွက်၊ တိုင်းရင်းသား ကျေးရွာတွေရဲ့ မီးလောင်မှုနဲ့ လူဦးရေ စာရင်း အစီရင်ခံစာ စတဲ့ စာရွက်စာတမ်းတွေနဲ့အတူ ထောက်ကြံ့နားမှာ ဖမ်းဆီးမိခဲ့တာလို့ မင်္ဂလာဒုံ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့၊ အင်္ဂါနေ့ ည ၁၁ နာရီ ဝန်းကျင် ထောက်ကြန့်နားမှာ သတင်းထောက်တွေကို သူကိုယ်တိုင် ဦးဆောင်တဲ့ မင်္ဂလာဒုံ မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းခဲ့တာ ဖြစ်တယ်လို့ ရဲမှူး မင်းသန့်က ဘီဘီစီကို ပြောပါတယ်။

သူတို့ကို မင်္ဂလာဒုံတရားရုံးမှာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ချက်ချင်း ရုံးထုတ်ခဲ့ပြီး ချုပ်ရက် ရမန်ယူထားတယ်လို့လည်း ရဲမှူး မင်းသန့်က ဆိုပါတယ်။

Image caption ရိုက်တာ သတင်းဌာနဘက်က ပြင်းပြင်းထန်ထန် ဝေဖန်

အခင်းဖြစ်ခဲ့တဲ့ ညပိုင်းအကြောင်း

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အင်္ဂါနေ့ ညပိုင်းမှာ ရဲအရာရှိတွေက ထမင်းစား ဖိတ်လာတဲ့ အတွက်၊ ရဲတပ်ရင်း ၈ ရှိရာဆီ ရိုက်တာရဲ့ ကားဆရာကိုယ်တိုင် လိုက်ပို့ ခဲ့ပြီး ရဲ နှစ်ယောက်နဲ့ အတူ အဲဒီ အနီးက စားသောက်ဆိုင်ကို သူတို့ သွားခဲ့ကြတယ်လို့ ရိုက်တာက ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရိုက်တာရဲ့ကား ရှိရာဆီ သတင်းထောက်တွေ ပြန်ရောက် မလာတော့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ သတင်းထောက်တွေဟာ တကမ္ဘာလုံးက အလေးထား စောင့်ကြည့် နေကြတဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အဲဒီထဲ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာတွေ နောက် သတင်းလိုက်နေသူတွေ ဖြစ်တယ်လို့ ရိုက်တာက ပြောပါတယ်။

နိုင်ငံတကာက စိုးရိမ်နေ

အခုလို သတင်းထောက် နှစ်ယောက်ကို ဖမ်းတာဟာ အင်မတန် မူမမှန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောပြီး၊ ဒီမိုကရေစီ အောင်မြင်လိုတယ် ဆိုရင် သတင်းသမားတွေ အနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ရဖို့ လိုတယ်လို့လည်း မြန်မာ အစိုးရကို တိုက်တွန်းပါတယ်။

ရန်ကုန်မှာ ထားရှိထားတဲ့ ဥရောပ သမဂ္ဂ မစ်ရှင်အဖွဲ့ကလည်း အခုအမှုကို သေချာ စောင့်ကြည့် နေတယ်လို့ ပြောပြီး၊ ဖမ်းထားတဲ့ လူတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပါ ဆိုပြီးတော့လည်း မြန်မာ အစိုးရကို တောင်းဆိုပါတယ်။

မြန်မာပြည်တွင်း သတင်းသမားတွေ စုဖွဲ့ထားတဲ့ အဖွဲ့ပေါင်းစုံ စုပြီးတော့လည်း အခုလို ရိုက်တာ သတင်းသမားတွေ အဖမ်းခံလိုက်ရတဲ့ ကိစ္စ အပေါ် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန် လာပါတယ်။

ရခိုင် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စွပ်စွဲ ပြစ်တင်မှုတွေ ရှိနေချိန်မှာ အခုလို သတင်းထောက်တွေကို ဖမ်းတာဟာ အစိုးရ အနေနဲ့ ပိုပြီး သိက္ခာကျစေတယ် လို့လည်း ပြည်တွင်း သတင်းသမားတွေက ဝေဖန်ပြီး၊ ဖမ်းထားတဲ့ သူတွေကို ပြန်လွှတ်ဖို့ တောင်းဆို နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ