ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒပ်ဘလင်မြို့ ဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်း ခံရ

ဓာတ်ပုံ မူပိုင် EPA
Image caption ရိုဟင်ဂျာ ပြဿနာကို လက်ပိုက်ကြည့်နေတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံနေရ

မြန်မာနိုင်ငံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဒပ်ဘလင်မြို့ လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းဖို့ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ ကောင်စီလူကြီးတွေက မဲခွဲ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဆုရှင်တွေ စာရင်းမှာ ထည့်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့လတုန်းက ပေါ့ပ်ဂီတ အဆိုတော် ဘော့ဘ် ဂဲလ်ဒေါ့ဖ် က သူရထားတဲ့ ဒပ်ဘလင်မြို့ လွတ်မြောက်ရေး ဆုကို ပြန်အပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဖိနှိပ်ခံနေရတာကို လက်ပိုက်ကြည့်နေတယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် ရင်ဆိုင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်းဖို့ ထောက်ခံမဲ ၅၉မဲ၊ ကန့်ကွက်မဲ ၂မဲ၊ ကြားနေမဲ ၁မဲနဲ့ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။

အလားတူပဲ ဂုဏ်ထူးဆောင်ဆု ပြန်အပ်ခဲ့တဲ့ ဘော့ဘ် ဂဲလ်ဒေါ့ဖ် ကိုလည်း ဂုဏ်ထူးဆောင်ဆုရှင်တွေ စာရင်းထဲကနေ ပယ်ဖျက်ဖို့ ဒပ်ဘလင်မြို့ ကောင်စီလူကြီးတွေက သဘောတူခဲ့ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ