ရိုဟင်ဂျာ ၆၇၀၀ အသတ်ခံရတယ်လို့ MSF ကဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်း မီးလောင်ပျက်စီးမှုမြင်ကွင်း

သြဂုတ်လက စတင်ခဲ့တဲ့ ရခိုင်ပြည် ပဋိပက္ခဖြစ်ပွားစဉ် တလတာကာလ အတွင်းမှာတွင် ရိုဟင်ဂျာမွတ်ဆလင်ပေါင်း ၆ ထောင် ၇ ရာ အသတ်ခံခဲ့ရနိုင်တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြောလိုက်ပါတယ်။

မြန်မာအစိုးရကတော့ အကြမ်းဖက်သမား ၃၇၆ ယောက်အပါအဝင် စုစုပေါင်း ၄၀၀ သာသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် နယ်စည်းမခြားဆရာဝန်များရဲ့ ထုတ်ပြန်ချက်ဟာ အစိုးရထုတ်ပြန်ချက်ကိန်းဂဏန်းထက် ၁၇ ဆပိုများနေပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ဟာ စစ်တမ်းကောက်ယူမှု ၆ ခါပြုလုပ်ခဲ့ပြီး လူပေါင်း ၁၁၄၂၆ ယောက်ကို လူတွေ့မေးမြန်းခဲ့ပါတယ်။ သူတို့ရဲ့ စုံစမ်းလေ့လာမှုတွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၅ သိန်းကျော်ကို လွှမ်းခြုံလေ့လာပြီး စစ်တမ်းကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MSF
Image caption မူလအစီရင်ခံစာပါ သေဆုံးသူ ၆ ထောင် ၇ ရာအနက် ရာနှုန်းအလိုက်ပြဇယား

သေဆုံးခဲ့သူအားလုံးရဲ့ ၆၉ ရာနှုန်းဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ၉ ရာနှုန်းဟာ သူတို့နေအိမ်နဲ့အတူ အရှင်လတ်လတ် မီးရှို့အသတ်ခံခဲ့ရကာ ၅ ရာနှုန်းကတော့ ရိုက်နှက်ညှင်းပန်းမှုဒဏ်ကြောင့် သေခဲ့ကြရတယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဆိုပါတယ်။

သေဆုံးသူ ၆ ထောင် ၇ ရာအနက် ၇၃၀ ဟာ ကလေးငယ်တွေလို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး အသက် ၅ နှစ်အောက်သေဆုံးသူ ကလေးငယ်တွေရဲ့ ၅၉ ရာနှုန်းဟာ သေနတ်ဒဏ်ရာနဲ့သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ရှင်ကတော့ ဒါတွေဟာ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ အနောက်နိုင်ငံတွေက ကလိန်ကကျစ် ဉာဏ်ဆင်ပြီး လုပ်တဲ့ မီဒီယာတိုက်ပွဲပဲလို့ ပြောပါတယ်။ တကယ်လို့ အဲသလို သေဆုံးတာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိရင် ခိုင်လုံတဲ့ သက်သေအထောက်အထား ပြပါလို့ ဆိုပါတယ်။ အဲသလောက်များများ အသတ်ခံရတာဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။