ရိုက်တာသတင်းထောက်တွေကို လွှတ်ပေးဖို့ နိုင်ငံတကာ ဆက်လက်တောင်းဆို

Image caption အများဆုံး ထောင်ဒဏ် ၁၄ နှစ် ထိ ချနိုင်

ရိုက်တာ သတင်းထောက် ၂ ယောက် ရန်ကုန်မှာ ဖမ်းဆီး ခံလိုက်ရတာကို ကြည့်ရင် မြန်မာ နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် နည်းပါးနေတာကို ပြသတာပဲ ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူထားရက်ရှ်က ပြောပါတယ်။

သတင်းထောက်တွေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ တတ်နိုင်သမျှ လုပ်ဆောင်ကြဖို့လည်း မစ္စတာ ဂူထားရက်ရှ်က တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်ထဲ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ စစ်ရေးအရ ကိုင်တွယ်ခဲ့ကြတုန်း လူ့ အခွင့်အရေး ချိုးဖောက်တာတွေ အကြီးအကျယ် ကျူးလွန်ခဲ့နိုင်တယ် ဆိုတဲ့ အချက် အပေါ် သူ့ အနေနဲ့ အဓိက အာရုံစိုက် စိုးရိမ်နေတာ ဖြစ်ပြီး၊ ရိုက်တာ သတင်းထောက်တွေ အဖမ်းခံ လိုက်ရတာဟာ ရခိုင်ပြည်နယ် အရေးနဲ့ ဆက်စပ် နေနိုင်တယ်လို့လည်း မစ္စတာ ဂူးထားရက်ရှက်က ဆိုပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အဖမ်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး ၊ (ဒီဇင်ဘာ ၁၄ ရက်) ကြာသပတေးနေ့တုန်းက တိုကျိုမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဂူးထားရက်ရှ်က ထည့်သွင်း ပြောကြား သွားတာ ဖြစ်ပါတယ်။

Image caption အဖမ်းခံရတာ ရခိုင်ပြည်နယ် အရေးနဲ့ ဆက်စပ် နိုင်

အဲဒီ သတင်းထောက် ၂ ယောက်ဟာ ရခိုင်ပြည်နယ်ထဲက လုံခြုံရေး ဆိုင်ရာ အရေးကြီး အချက်အလက်တွေကို တရားမဝင် ရယူခဲ့လို့ ဆိုပြီး မြန်မာ အာဏာပိုင်တွေက အခု သီတင်းပတ် အစောပိုင်းတုန်းက ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွဲဆိုထားတဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဟာ အများဆုံး ထောင်ဒဏ် ၁၄ နှစ် ထိ ချနိုင်တဲ့ ပုဒ်မမျိုး ဖြစ်ပါတယ်။

သတင်းထောက် ၂ ယောက်ကို ပြန်လွှတ်ပေးဖို့ နဲ့ မီဒီယာ လွတ်လပ်ခွင့်ကို လေးစားဖို့ မြန်မာအစိုးရ အပေါ် ပြည်တွင်း ပြည်ပ တောင်းဆိုသံတွေ ဆက်လက် ထွက်ပေါ် လာနေတာမှာ ဥရောပ ပါလီမန် ဥက္ကဌ အန်ထော်ညူ ထာယားနီလည်း မြန်မာ အစိုးရကို တိုက်တွန်းသူတွေထဲ ပါဝင်လာပါတယ်။

ဘရပ်ဆဲလ်စ်မှာ ပြုလုပ်တဲ့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ရဲ့ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ မစ္စတာထာယားနီက သတင်းထောက်တွေကို စကားပြောတုန်း ရိုက်တာ သတင်းထောက်တွေ အရေးပါ ထည့်သွင်း ပြောကြား သွားတာ ဖြစ်ပါတယ်။