လိုင်ဇာနား လက်နက်ကြီးကျ၊ စစ်ရေးအရှိန်မြင့်နိုင်

လိုင်ဇာမြို့ထဲ ကင်းလှည့်နေတဲ့ ကေအိုင်အေစစ်သားများ တွေ့ရစဉ် ဓာတ်ပုံ မူပိုင် Saw Yan Naing / BBC Burmese
Image caption လိုင်ဇာမြို့ထဲ ကင်းလှည့်နေတဲ့ ကေအိုင်အေစစ်သားများ တွေ့ရစဉ်

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ ကေအိုင်အို ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးမှာ အစိုးရတပ်က ဒီဇင်ဘာလ ၁၅ ရက် မနက်မှာ လက်နက်ကြီးနဲ့ ပစ်ချလို့ ဒေသခံတွ ကြောက်လန့်နေတယ်လို့ သိရပါတယ်။

တနိုင်းမြို့နယ်အပါအဝင် ကေအိုင်အေထိန်းချုပ် နယ်မြေတချို့မှာ အခုရက်ပိုင်း တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် တပ်အင်အားတွေ လည်း တိုးချဲ့ ပို့ထားတဲ့အတွက် စစ်ရေး အရှိန်မြင့် လာနိုင်တယ် လို့လည်း ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီကို ပြောပါတယ်။

"ဒီမနက် ရှစ်နာရီကျော်လောက်မှာ တပ်မတော်က လိုင်ဇာအနီးမှာ လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာနားမှာကျတယ်ဆိုတော့ ပြည်သူလူထုတွေ နည်းနည်း လန့်သွားတယ်။ ကေအိုင်အို တပ်စခန်းကို ပစ်တာနေမှာပါ။ ဒါပေမဲ့ နည်းနည်းကျော်သွားတယ်။ ဌာနချုပ်ကို ငြိမ်းခြောက်တဲ့သဘောနေမှာပါ" လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

ဒီတပတ် အစောပိုင်းမှာ တနိုင်းမြို့နယ်ရှိ ကေအိုင်အေတပ်မဟာ ၂ ထိန်းချုပ်နယ်မြေ တချို့မှာ အစိုးရ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်လာပါတယ်။

တနိုင်း တိုက်ပွဲတွေကြောင့် ဆန်ဆီပြတ်လပ်၊ စပါး ရိတ်ခွင့်မရ

တနိုင်းဒေသ မှော်တွေကသူတွေ ထောင်ချီ ထွက်ပြေးလာ

စစ်ရှောင်တွေရဲ့ နေရပ်တွေမှာ ဝင်ရောက်ကျူးကျော်မှု ကေအိုင်အို သတိပေး

ဓာတ်ပုံ မူပိုင် SENG MAI
Image caption လိုင်ဇာက ကချင် အမျိုးသမီး စစ်သည်တွေ

လိုင်ဇာ တဝိုက် တိုက်ပွဲတွေ ပြင်းထန်

လိုင်ဇာနား အစိုးရ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ ဆက်သွယ်ရေးလမ်း ကြောင်း တချို့ကို စစ်ဆင်ရေးလုပ်မယ်လို့ သတင်းတွေရရှိပါတယ်။

ပူတာအို ဒေသဘက်မှာလည်း လက်နက်ခဲယမ်း၊ တပ်သားနဲ့ စစ်ကားတွေ လည်း ပို့ထားတယ် လို့ သတင်းရရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

နိုင်ငံရေးအရ သုံးသပ်ကြည့်မယ်ဆိုရင်တော့ သိပ်မကြာခင်မှာ ၂၁ ရာစုပင်လုံ ညီလာခံလုပ်မယ်လို့ သူတို့ပြောထားတာကိုး၊ ဆိုတော့ ကေအိုင်အိုကို NCA (တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်) ထိုးဖို့ ဖိအားပေးတဲ့ ပုံစံမျိုးနဲ့လည်း ခြိမ်းခြောက်နိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူ က သုံးသပ်ပါတယ်။

လိုင်ဇာမြို့နားက လက်နက်ကြီး ပစ်ချတဲ့သတင်းနဲ့ ပတ်သက်လို့ အစိုးရ စစ်တပ်ဘက်ကတော့ သတင်း ထုတ်ပြန်ထားတာ မရှိသေးပါ။

၂၀၁၁ ခုနှစ်ကတည်းက ကေအိုင်အိုနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ထွက်ပြေးရပါတယ်။ စစ်ပြေးဒုက္ခသည်တသိန်း ကျော်ဟာ အခုချိန်ထိ အိမ်မပြန်နိုင်ကြသေးဘဲ သက်ဆိုင်ရာ ဒုက္ခသည်စခန်းအသီးသီး မှာ နေထိုင်ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ