အိမ်အကူ နှိပ်စက်မှု နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အင်းဝအပ်ချုပ်ဆိုင် မိသားစု ၆ ဦး မှာ ၄ ဦး ပြစ်ဒဏ်ခံရ

အိမ်အကူ မိန်းကလေး ၂ ယောက်ကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ရန်ကုန်မြို့ လမ်း ၄၀ က အင်းဝအပ်ချုပ်ဆိုင် မိသားစု ဝင် ၆ ဦး အမှုကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံးမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့ရာမှာ စွပ်စွဲခံရသူ ၄ ဦး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး ၂ ဦးက လွတ်မြောက်ခဲ့ပါတယ်။

အပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာနဲ့ သမီးဖြစ်သူ မစုမွန်လတ်တို့က ထောင်ဒဏ် (၁၆)နှစ် (၁) လ စီ၊ သမက်ဖြစ်သူ ကိုရာဇာထွန်းက ထောင်ဒဏ် (၁၃) နှစ် (၁) လနဲ့ သားဖြစ်သူ ကိုတင်မင်းလတ်က (၉)နှစ် (၁) လ အသီးသီး ပြစ်ဒဏ် ချခံခဲ့ရပါတယ်။

ဖခင် ဖြစ်သူ ဦးကိုလတ်နဲ့ သမီးကြီး ဖြစ်သူ မသီရိလတ်တို့ ၂ ဦးကတော့ စွပ်စွဲခဲ့တဲ့ အမှုတွေမှာ ပြစ်မှု မထင်ရှားလို့ ကွင်းလုံးကျွတ် လွတ်ခဲ့တယ်လို့ သူတို့ ၂ ဦးရဲ့ အကျိုးတော်ဆောင် အထက်တန်းရှေ့နေ ဒေါ်နှင်းဆုအောင် က ဘီဘီစီကို ပြောပါတယ်။

နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ ဒေါ်တင်သူဇာ၊ မစုမွန်လတ်၊ ကိုရာဇာထွန်းနဲ့ ကိုတင်မင်းလတ် တို့ကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ၊ ကလေးသူငယ်ဥပဒေ၊ အပြင်းအထန် နာကျင်စေမှု၊ ပိတ်လှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူကုန်ကူးမှု ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့က တရားစွဲဆိုခဲ့တာပါ။

ဓာတ်ပုံ မူပိုင် MYO MIN SOE
Image caption ၂၀၁၆ ခုနှစ် အောက်တိုဘာလ ကတည်းက စစ်ဆေးခဲ့

အခု တရားရုံး ဆုံးဖြတ်ချက် အတွက် အထက်တရားရုံးမှာ အယူခံပိုင်ခွင့်ရှိတယ်လို့ စီရင်ချက် ချခဲ့တဲ့ အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်အေးသန်းက ပြောပါတယ်။

ဒီအမှုကို တရားလို၊ တရားခံ နှစ်ဖက် သက်သေတွေ အယောက် ၂၀ ကျော်နဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ကတည်းက စစ်ဆေးခဲ့တာပါ။

နှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူ အမျိုးသမီးငယ် မသဇင်နဲ့ မစန်းကေခိုင် ၂ ယောက်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ၆ လ လောက် ဆေးကုသမှု ခံခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အင်းဝအပ်ချုပ်ဆိုင်အမှု စီရင်ချက် တရားလိုရှေ့နေ ရှင်းပြ

ဒီအမှုကို မြန်မာနောင်း သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းက စတင်ဖော်ထုတ်ခဲ့ပြီး နောက်ပိုင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အရေးယူတာတွေ ပြုလုပ်လာခဲ့တာပါ။

ဒီအမှုကို စုံစမ်းစစ်ဆေးတာတွေ မစတင်မီ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကြားဝင် စေ့စပ် ပေးခဲ့တာတွေ ရှိခဲ့ပြီး နောက်ပိုင်းမှာ ကော်မရှင် အဖွဲ့ဝင် တချို့ နုတ်ထွက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဘီဘီစီ တဝန်း