သတင်းထောက်တွေကို ဘယ်မှာချုပ်ထားလဲ ထုတ်မပြော

Image caption ချုပ်ရက် ရမန်ယူ ဆက်လက် ထိန်းသိမ်း

မြန်မာအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်ကို စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ရန်ကုန်မှာ စစ်ဆေး နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါမယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ဘယ်မှာ ထိန်းသိမ်းထားတာလဲ၊ ဘယ်လောက်ကြာအောင် အချိန်ယူ စစ်ဆေးသွားမှာလဲ စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ရန်ကုန်တိုင်း ဒုတိယရဲမှူးကြီး မြင့်ထွေးက ထုတ်ဖော် ပြောကြားတာမျိုး မရှိပါဘူး။

အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ် ဆိုတဲ့ စွဲချက်နဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး၊ ရဲက ချုပ်ရက် ရမန်ယူ ဆက်လက် ထိန်းသိမ်း ထားပါတယ်။

Image caption ထောက်ကြံ့ ရဲစခန်းက သူတို့ဆီမှာ ထိန်းသိမ်းထားတာ မဟုတ်ဘူးလို့ ပြောဆို

ဖမ်းဆီးခံထားရသူတွေ ဘယ်မှာ ရှိနေသလဲ ဆိုတာကို မိသားစုဝင်တွေလည်း မသိရ ဖြစ်နေပြီး၊ အခုအချိန်ထိ တွေ့ခွင့် မရ ဖြစ်နေပါတယ်။

သတင်းထောက်တွေကို ဖမ်းဆီးခဲ့တဲ့ ထောက်ကြံ့ ရဲစခန်းက သူတို့ဆီမှာ ထိန်းသိမ်းထားတာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးရဲ့ ဇနီးသည် မပန်းအိမွန်က ဘီဘီစီကို ပြန်ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေထဲက တိုက်ပွဲ အသေးစိတ်အစီရင်ခံစာ၊ ရဲကင်းစခန်း မြေပုံကြမ်းစာရွက်၊ အဲဒီအရပ်က ကျေးရွာတွေရဲ့ မီးလောင်မှုနဲ့ လူဦးရေ စာရင်း အစီရင်ခံစာတွေ စတဲ့ အရေးကြီး အချက်အလက်တွေကို တရားမဝင် ရယူခဲ့လို ဆိုပြီး သတင်းထောက် နှစ်ယောက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖမ်းခံထားရတဲ့ သတင်းထောက်တွေ အမှု ဒု-ရဲမှူးကြီး မြင့်ထွေး ဖြေကြား

သတင်းထောက်တွေနဲ့ ပတ်သက်နေတယ် ဆိုတဲ့ ရဲ အမှုထမ်း နှစ်ယောက်ကိုလည်း အရေးယူမယ် ဆိုပြီး အစိုးရက ကြေညာထားပါတယ်။

အခုလို သတင်းထောက်တွေကို ဖမ်းဆီးခဲ့တဲ့ လုပ်ရပ် အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ က စိုးရိမ်ကြောင်း ပြောကြားနေသလို၊ ပြည်တွင်း သတင်းမီဒီယာ အသိုင်းအဝိုင်းကလည်း ကန့်ကွက်ကြောင်း အသီးသီး ထုတ်ပြန် ထားကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တေလာဆင်ကလည်း သတင်းထောက်တွေကို ချက်ခြင်း ပြန်လွှတ်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့ (ဒီဇင်ဘာ ၁၅ ရက်နေ့)တုန်းကပဲ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ