ကုလ စွပ်စွဲချက် NLD ပယ်ချ

ဓာတ်ပုံ မူပိုင် EPA
Image caption ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲက မြန်မာ အပေါ် ပြင်းပြင်းထန်ထန် စွပ်စွဲ

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇာအိအယ်လ်ဟူစိန်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတို့အပေါ်မှာ နှိမ်နင်းမှုတွေဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လက်မခံဘဲ ပယ်ချလိုက် ပါတယ်။

မြန်မာ ခေါင်းဆောင်တွေ အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲ ခံရနိုင်တယ်လို့လည်း မစ္စတာ ဟူစိန်က ပြောပါတယ်။

မဟာမင်းကြီး ဇာအိ အယ် ဟူစိန်ရဲ့ စွပ်စွဲချက်တွေဟာ အထောက်အထား မရှိဘဲ ပြောနေတာ ဖြစ်တဲ့ အတွက် ပယ်ချတာလို့ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကုလ သမဂ္ဂက ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးကြောင့် သေဆုံးရတယ် ဆိုတဲ့ အရေအတွက်က တဖြည်းဖြည်း များလာတယ်လို့ သူက ထောက်ပြပါတယ်။

အစိုးရ ဘက်က ထုတ်ပြန်တဲ့ ARSA အဖွဲ့ရဲ့ သတ်ဖြတ် မှုကြောင့် ခမီ၊ ဒိုင်းနက်နဲ့ မြို တိုင်းရင်းသားတွေ သေဆုံးရတယ် ဆိုတာကတော့ အထောက်အထား အခိုင်အလုံ ရှိတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ကုလသမဂ္ဂ အနေနဲ့ ဘယ်လိုပဲ ပြောပြော သူတို့ အနေနဲ့ကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စေတနာမှန်တဲ့ ခေါင်းဆောင်မှုနဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ ဆုံးဖြတ်ထားတဲ့ အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ