ရဟတ်ယာဉ်နဲ့ ဆင်းလာပြီး ပစ်ခတ်ခဲ့တယ်

Image caption လူ ၆ သိန်းကျော် ထွက်ပြေးခဲ့ရ

ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ထိတ်လန့်စဖွယ် ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့ အညီ အရေး ယူနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ရအာ့ဒ် အယ်လ်ဟူစိန် စိတ်ပိုင်းဖြတ် ထားတာတွေ့ရတယ် ဆိုပြီး ဘီဘီစီရဲ့ တောင်အာရှ ရေးရာ သတင်းထောက် ဂျပ်စတင် ရိုးလတ်က ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ ဘယ်လိုမျိုး ထိခိုက် ခံစားခဲ့ရသလဲ ဆိုတာကို ဂျပ်စတင် ရိုးလတ်က "The Hidden Truth" ပုန်းကွယ် နေတဲ့ အမှန်တရား ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘီဘီစီရဲ့ ပင်နိုရားမား အစီအစဉ်မှာ တင်ဆက်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေဟာ ဂျီနိုဆိုက် လို့ ခေါ်တဲ့ လူမျိုးတုံး သုတ်သင် ရှင်းလင်းမှု အထိ မြောက်နိုင်တယ်လို့ ပြောဆိုထားတဲ့ ဇိတ် ရအာ့ဒ် အယ်လ်ဟူစိန်ဟာ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တဲ့ စစ်ရေး ဆောင်ရွက်မှု အတိုင်းအတာကို ကြည့်ရင်၊ ဘယ်လိုဘယ်ပုံ လုပ်ဆောင်ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အမိန့်တွေဟာ ထိပ်ပိုင်းက ချမှတ်တာ ဖြစ်တန်ကောင်းတယ် ဆိုပြီး ပင်နိုရားမား အစီအစဉ်မှာ ပြောသွားပါတယ်။

Image caption သေနတ်နဲ့ပစ်တဲ့ ရုပ်ပုံတွေကို ကလေးတွေ ရေးဆွဲနေ
Image caption ထွက်မပြေးပြေးအောင် နှိပ်စက်ခံရ

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် မှာလည်း တာဝန် ရှိတယ် ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက ပြစ်တင် ဝေဖန် ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ထဲ ရောက်လာတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည် စခန်းတွေထဲ ဘီဘီစီ သတင်းထောက် သတင်းထောက် ဂျပ်စတင် ရိုးလတ် ကိုယ်တိုင် ရောက်ရှိ ခဲ့ပါတယ်။

မွန်ဂျားလီဆိုတဲ့ အသက် ၁၁ နှစ် အရွယ် ရိုဟင်ဂျာ ကလေးငယ် တဦး ပြန်ပြောင်းပြောတာက "သူတို့ရွာက ဘောလုံးကွင်းထဲ စစ်ရဟတ်ယာဉ် ဆင်းလာတယ်၊ ပစ်ကြ ခတ်ကြတယ်၊ ရွာကနေ ထွက်ပြေးလို့ မဖြစ်တော့ဘူး" လို့ ဆိုပါတယ်။

မွန်ဂျားလီကို ဘီဘီစီ အဖွဲ့ တွေ့ခဲ့ရတာက ကလေးတွေကို ပုံဆွဲဖို့ ဖန်တီးပေးထားတဲ့ နေရာမှာပါ။

အဲဒီမှာ မွန်ဂျားလီ ဆွဲနေတာတွေက ရဟတ်ယာဉ်ပုံတွေ၊ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ် နေတဲ့ ပုံတွေ၊ လူသေအလောင်းတွေပါ။

သူ့လိုပဲ တခြား ရိုဟင်ဂျာ ကလေးတွေ ဆွဲထားတဲ့ အလားတူ ရုပ်ပုံတွေ အများအပြား တွေ့ခဲ့ရပါတယ်။

အာရာဘေဂွန် ဆိုတဲ့ အသက် ၃ဝ အရွယ် ရိုဟင်ဂျာ အမျိုးသမီး တယောက် ကလည်း "ထွက်ပြေးနိုင်ကြသူတွေက ပြေးကြတဲ့ အခါ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်သည်တွေ အကုန် မီးရှို့ သတ်ခံရတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာပြည်ဟာ ရိုဟင်ဂျာတွေနဲ့ မဆိုင်ဘူး ဆိုတဲ့ စိတ်မျိုး ပေါက်လာအောင် မြန်မာ အာဏာပိုင်တွေက ခေါင်းထဲ ရိုက်သွင်းခဲ့တာ၊ ထွက်မပြေးပြေးအောင် နှိပ်စက်ပြီး နောက်ဆုံး ကျုပ်တို့ရဲ့ အိမ်တွေကို သိမ်းတော့တာပဲ လို့လည်း ဆေးနူး က ဆိုပါတယ်။

လူတွေကို အစုလိုက် အပြုံလိုက် သတ်ပစ်တယ်၊ မုဒိန်းပြုကျင့်တယ် ဆိုတဲ့ ကြောက်လန့်စဖွယ် ကျုးလွန်မှုတွေကို ဖော်ပြနေတဲ့ သက်သေအထောက် အထားတွေ ကိုယ်တိုင် တွေ့ကြုံ ကြားသိ ခဲ့တယ်လို့ ဂျပ်စတင် ရိုးလတ် က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး စိုးရိမ်နေတာတွေထဲ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲ ဘာသာရေး အခြေခံ အစွန်းရောက် အဖွဲ့တွေ ပေါ်ပေါက်လာပြီး လက်စားချေ တိုက်ခိုက်မှုတွေ ပြန်လည် လုပ်ဆောင် လာလေမလား ဆိုတဲ့ အချက်လည်း ပါဝင် ပါတယ်။

ဒီလို ဆိုရင်တော့ ဘာသာနှစ်ခုကြား ထိပ်တိုက်တွေ့မှု အသွင် ဆောင်သွားလိမ့်မယ်၊ ဒီလို အခြေအနေမျိုးထိ ရောက်လာနိုင်တဲ့ အန္တရာယ်ကို မြန်မာဘက်က အလေးအနက် ထားမနေဘူးလို့လည်း ဇိတ် ရအာ့ဒ် အယ်လ်ဟူစိန်က ဘီဘီစီကို ပြောသွားခဲ့ပါတယ်။