ပင်လုံပွဲ ဟန့်တားပေမယ့် ရှမ်းဆွေးနွေးပွဲဆက်

ဓာတ်ပုံ မူပိုင် Sai Onn Leng
Image caption လင်းခေးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က လုပ်ခဲ့တဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲ

ဒီဇင်ဘာလ ၁၇ ရက်နေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပြုလုပ်ခဲ့တဲ့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို စစ်တပ်က ဟန့်တားခဲ့ပေမယ့် ရှမ်းဆွေးနွေးပွဲတွေကို ရှမ်းတိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ဆက်လက် ကျင်းပနေပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က လင်းခေး ၊ မူစယ် စတဲ့မြို့တွေမှာ ကျင်းပခဲ့ကြသလို ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စမ်နဲ့ ကယားပြည်နယ် မြို့တော် လွိုင်ကော်တို့မှာ ဆက်လက် ကျင်းပနေတာပါ။

နမ့်စမ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ဆွေးနွေးပွဲမစခင်မှာ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့မှ လူပုဂ္ဂိုလ်တချို့က အထက်က ဒီပွဲကို ခွင့်ပြုထားခြင်း မရှိသေးဘူးလို့ လာရောက် အကြောင်းကြားတာ ရှိခဲ့တယ်လို့ ဆွေးနွေးပွဲ ဦးဆောင်သူတွေက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပနေခဲ့သလို ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၁၁ နာရီလောက်အထိတော့ တစုံတရာ နှောင့်ယှက်ဟန့်တားတာ မရှိဘူးလို့ ဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Shan Herald News Agency
Image caption မူဆယ်မှာ လုပ်ခဲ့တဲ့ ရှမ်းလူထုတွေ့ဆုံပွဲကျင်းပရာ ခန်းမရှေ့မြင်ကွင်း

အာစီအက်စ်အက်စ် အရာရှိ တဦးကတော့ အန်စီအေ အပစ်ရပ်စာချုပ်အရ လုပ်ဆောင်တဲ့ ဆွေးနွေးပွဲတွေ လုပ်နေတာဖြစ်တဲ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတဲ့ ဆွေးနွေးပွဲတွေကို နှောင့်ယှက်မှု တချို့ရှိနေတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူထုတွေ့ဆုံပွဲတွေ အောင်မြင်အောင် ကျင်းပနိုင်ဖို့အတွက် သက်ဆိုင်ရာ အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ဆုံးဖြတ်ချက်တွေကို အလေးထား လိုက်နာ ပေးဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Seng pai shan media
Image caption ရှမ်းဆွေးနွေးပွဲ စစ်တပ်က ဟန့်တား

လင်းခေးမှာလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲတွေမှာတော့ အပစ်ရပ်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်နေမှု ၊ ပြန်လည်နေရာချထားရေး အစီအစဉ်တွေ မလုပ်နိုင်သေးတဲ့အတွက် လူထုအနေနဲ့ စိုးရိမ်မှုတွေကို အဓိကထား တင်ပြခဲ့ကြသလို ဖေဖော်ဝါရီ ၇ ရက်နေ့ ရှမ်းပြည်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးဖို့လည်း တင်ပြကြပါတယ်။