တစ်ပတ်အကြာမှာလည်း ချုပ်ထားတဲ့ နေရာ မသိရသေး

Image caption စစ်ဆေးရဲ့ အဖွဲ့ဖွဲ့ပြီး သတင်းထောက်တွေကို စစ်ဆေးနေ

ရိုက်တာသတင်းထောက် နှစ်ယောက် ရန်ကုန်မှာ ဖမ်းဆီးတာ ခံခဲ့ရတာ အခုဆိုရင် သီတင်း တစ်ပတ်ရှိသွားပြီ ဖြစ်ပေမယ့်၊ သူတို့ကို ဘယ်မှာ ချုပ်နှောင် ထားတယ် ဆိုတာကို အာဏာပိုင်တွေက ထုတ်မပြောသေးသလို၊ မိသားစုနဲ့ တွေ့ဆုံခွင့်ကိုလည်း ဆက်လက် ငြင်းပယ် နေတယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

သူတို့ ကျန်းကျန်းမာမာ ရှိရဲ့လား၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတာလဲ စတဲ့ အခြေခံ အချက်အလက်မျိုးကိုတောင် အာဏာပိုင်တွေက သိခွင့်မပေးဘူး ဆိုပြီး ရိုက်တာရဲ့ ဥက္ကဌလည်းဖြစ်၊ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ စတီဖင် ဂျေ အက်ဒ်လာက ပြောပါတယ်။

ဒါ့အပြင် သတင်းထောက် နှစ်ယောက်ကို ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း မစ္စတာ အက်ဒ်လာက သူ့ရဲ့ ထုတ်ပြန်ချက်ထဲ ထပ်မံ တိုက်တွန်း ခဲ့ပါတယ်။

Image caption မိသားစုနဲ့ တွေ့ဆုံခွင့်မရှိသေး

ရိုက်တာသတင်းထောက်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဌာနကလည်း တောင်းဆို နေပါတယ်။

သတင်းထောက်တွေ အဖမ်းခံထားရတဲ့ ကိစ္စကို နိုင်ငံခြားရေး ဌာနက နီးနီးကပ်ကပ် စောင့်ကြည့် နေပြီး၊ အဲဒီလို အထိန်းသိမ်း ခံနေရတဲ့ အပေါ် အင်မတန် စိုးရိမ်တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ဟယ်သာနောင်းရက်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကိုဝလုံးရဲ့ အမျိုးသမီး မပန်းအိမွန်နဲ့ မေးမြန်းခန်း

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ဟာ ရခိုင်ပြည်နယ်ထဲက လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းတွေကို တရားမဝင် ရယူခဲ့လို့ ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ် အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၂ ရက်တုန်းက ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အစိုးရလျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ် ဆိုတဲ့ စွဲချက်နဲ့ စစ်ဆေးရဲ့ အဖွဲ့ဖွဲ့ပြီး သတင်းထောက်တွေကို စစ်ဆေးနေသလို၊ သူတို့နဲ့ ပတ်သက်ခဲ့တဲ့ ရဲအမှုထမ်း နှစ်ယောက် ကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ