ရှမ်းလူထုဆွေးနွေးပွဲ အစိုးရနဲ့ တပ်မတော် သဘောထား ကွဲလွဲ

ဓာတ်ပုံ မူပိုင် Seng pai
Image caption ပင်လုံဆွေးနွေးပွဲကို စစ်တပ်မှ လာရောက်ဟန့်တားခဲ့စဉ်က

လတ်တလော ကျင်းပနေတဲ့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲအတွက် အကြိုလူထုဆွေးနွေးပွဲတွေ ကျင်းပခွင့်အပေါ် ရှမ်းပြည်နယ်အစိုးရနဲ့ ပြည်နယ်အတွင်းမှာ အခြေစိုက်တဲ့ စစ်ဌာနချုပ်တွေအကြား သဘောထား ကွဲလွဲနေပါတယ်။

ရှမ်းပြည်နယ်ထဲက မြို့နယ် ၁၅ မြို့နယ်မှာ ပြုလုပ်နေတဲ့ လူထုဆွေးနွေးပွဲတွေကို အကူညီပေးဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ထားခဲ့တာပါ။ ဒါပေမဲ့ တောင်ကြီးမှာ အခြေစိုက်တဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပဖို့ သဘောတူထားတဲ့ လင်းခေးမြို့မှာသာ အကြိုဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ အပစ်ရပ် RCSS/SSA အဖွဲ့ရဲ့ တောင်ကြီး ဆက်ဆံရေးရုံးကို ညွှန်ကြားစာ ပေးပို့လာတာ ဖြစ်ပါတယ်။

လင်းခေးမှာပဲ လုပ်ခွင့်ပြုတယ်ဆိုတာကို ကျွန်တော့နာမည်နဲ့ လိပ်မူပြီး ရပခက ပေးပို့လာသလို ပြည်နယ်အစိုးရကလည်း ကျွန်တော်တို့ လုပ်နေတဲ့ တွေ့ဆုံပွဲတွေကို ကူညီဖို့ဆိုပြီး ညွှန်ကြားစာထုတ်တော့ အစိုးရနဲ့ စစ်တပ်အကြား ချိတ်ဆက်မှု အားနည်းနေသလားဆိုတာ စဉ်းစားစရာဖြစ်စေတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရဲ့ တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ဆိုတာ တပ်မတော်ကိုယ်တိုင် နိုင်ငံတကာ အသိသက်သေတွေ ရှေ့မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် အဲဒီစာချုပ်အပေါ် အခြေခံပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆွေးနွေးပွဲတွေမှာ တပ်မတော်ကိုယ်တိုင်က ဒီဖြစ်စဉ်မှာ ပါဝင်ကူညီပံ့ပိုးပေးသင့်တယ်လို့လည်း အာစီအက်စ်အက်စ်အဖွဲ့ရဲ့ တောင်ကြီးမြို့ ဆက်ဆံရေးရုံးတာဝန်ခံက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Sai Leng Facebook
Image caption ပင်လောင်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပတဲ့ ရှမ်းလူထုတွေ့ဆုံဆွေးနွေးပွဲ

ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲတွေအတွက် အကြိုလူထုတွေ့ဆုံပွဲလုပ်မဲ့ မြို့စာရင်းထဲမှာ အရှေ့ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းက တောင်ကြီးနဲ့ ပင်လောင်းမြို့တွေ ပါဝင်နေတာဖြစ်ပြီး ပင်လုံမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အကြိုလူထုတွေ့ဆုံပွဲကိုလည်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်တပ်က ဝင်ရောက်ဟန့်တားမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်နယ်အစိုးရအနေနဲ့တော့ ငြိမ်းချမ်းရေးအတွက်လုပ်နေတဲ့ ဒီဆွေးနွေးပွဲတွေကို ဘာမှ ဟန့်တားဖို့မရှိသလို အကူအညီပါပေးနေပြီး လာမဲ့လအတွင်း လင်းခေးမှာ ကျင်းပမဲ့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲအတွက်ပါ ကော်မတီတွေပါဖွဲ့စည်းပြီးဖြစ်ပြီး အကူအညီပေးဖို့ ရှိနေတယ်လို့ ရှမ်းပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဝန်ကြီး ဦးစိုးညွှန့်လွင်က ဘီဘီစီကို ပြောပါတယ်။

Image caption ရှမ်းဆွေးနွေးပွဲတွေကို ကူညီပံ့ပိုးဖို့ ရှမ်းပြည်နယ်အစိုးရရဲ့ ညွှန်ကြားစာ

ရှမ်းပြည်နယ်အတွင်းက မြို့နယ်တွေအပါအဝင် ရှမ်းတိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေမှာ လတ်တလော ကျင်းပနေတဲ့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲတွေဟာ လင်းခေးမှာ လာမဲ့လအတွင်းပြုလုပ်မဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲအတွက် အကြိုအနေနဲ့ ကျင်းပနေတာဖြစ်ပြီး အဲဒီဆွေးနွေးပွဲတွေက ရရှိလာတဲ့ တင်ပြချက်တွေကို စုစည်းကာ ၂၁ ပင်လုံ အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးကြမှာဖြစ်ပါတယ်။