မစ္စယန်ဟီးလီကို ပုဂ္ဂိုလ်ရေးအရ အစိုးရက လက်မခံ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဇူလိုင်လ ခရီးစဉ်အတွင်း မြန်မာ့ လူ့ခွင့်အရေး အခြေအနေကို အားမရဘူးလို့ ယန်ဟီးလီပြောခဲ့

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က သူ့ကို မြန်မာ အစိုးရက ပြည်ဝင်ခွင့် ငြင်းဆန်လိုက် တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် မစ္စယန်ဟီးလီ ဆက်လက် ဆောင်ရွက်ဖို့ ကျန်ရှိတဲ့ သက်တမ်း အတွင်း မှာလည်း အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်ကြောင်း ပြောတယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို လုပ်ရတဲ့ အကြောင်းက ပြီးခဲ့တဲ့ ဇူလိုင်လက မစ္စယန်ဟီးလီရဲ့ မြန်မာ နိုင်ငံ ခရီးစဉ် အပြီး မြန်မာ အစိုးရရဲ့ လူ့အခွင့် အရေး မှတ်တမ်းတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ ရခိုင် မြောက်ပိုင်းက ရိုဟင်ဂျာ တွေ အပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မမျှမတ ဖော်ပြခဲ့လို့ ဖြစ်တယ်လို့ အစိုးရက အကြောင်းပြ ပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ လုပ်ဆောင်မှုတွေက မျှတမှု မရှိဘဲ ပြဿနာ ပိုဆိုးလာအောင်နဲ့ နိုင်ငံတကာက မြန်မာကို ပိုမို အထင်အမြင် လွဲမှားအောင် လုပ်သလို ဖြစ်နေတဲ့ အတွက် သူ့ကို ပုဂ္ဂိုလ်ရေးအရ လက်မခံနိုင်တာဖြစ်ပြီး ကုလ သမဂ္ဂ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ လက်မခံနိုင်တာ မဟုတ်ဘူးလို့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်က ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

မစ္စယန်ဟီးလီ ကတော့ အခုလို မြန်မာ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင် ဖြစ်ရပြီး စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

မြန်မာ အစိုးရက ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ ဆုံးဖြတ်တာဟာ ရခိုင်ပြည်နယ်နဲ့ ကျန်တဲ့ တခြား ဒေသတွေမှာ ကြောက်စရာ ဆိုးရွားလှတဲ့ ဖြစ်ရပ်တွေ အသေအချာ ရှိနေတယ်ဆိုတာကို ပြသရာ ရောက်တယ်လို့လည်း သူက ပြောပါတယ်။

ဦးတင်မောင်ဆွေ ကတော့ မစ္စယန်ဟီးလီဟာ သူ့ရဲ့ နောက်ဆုံးမြန်မာ ခရီးစဉ် အပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နယ်ခြားစောင့် ရဲကင်းစခန်းတွေ တိုက်ခိုက် ခံရမှုကနေ ပြဿနာ စတင်ခဲ့တာ ဆိုတဲ့ အဖြစ်မှန်ကို မပြောဘဲ နောက်ပိုင်းမှာ တပ်မတော်ကြောင့် ဒေသခံတွေ ထွက်ပြေး ရတယ်ဆိုတဲ့ အကြောင်းကိုပဲ ပြောခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် ဒီတခေါက်လာရင် ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေကလည်း လက်ခံမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

မစ္စယန်ဟီးလီက လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ် ထားပြီး ရိုဟင်ဂျာ မွတ်ဆလင်အရေး အပါအဝင် လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်း လေ့လာဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ