ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်က စီးပွားရေးဒဏ်ခတ်

ဓာတ်ပုံ မူပိုင် MOI
Image caption ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အရပ်သားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူခဲ့

၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ဒီဒေသမှာ တာဝန်ယူခဲ့တဲ့ အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုးကို အမေရိကန် အစိုးရက စီးပွားရေး ဒဏ်ခတ်မှု ပြုလုပ်လိုက်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကမ္ဘာတလွှားက လူ့အခွင့်အရေး ချိုးဖောက်သူတွေကို စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှု ပြုလုပ်တဲ့ စာရင်းထဲမှာ ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ ARSA က ၂၀၁၇ သြဂုတ်လမှာ လုံခြုံရေး ကင်းစခန်းတွေကို တိုက်ခိုက်တဲ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုလည်း သတ်ဖြတ်အပြီး မြန်မာ့တပ်မတော်က ပြန်လည် တုန့်ပြန်တဲ့ စစ်ဆင်ရေးတွေမှာ ဗိုလ်ချုပ် မောင်မောင်စိုးက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရခိုင်ပဋိပက္ခတွေကြောင့် သြဂုတ်လက စပြီး မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ခြောက်သိန်းခွဲလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ကတော့ ရိုဟင်ဂျာ စစ်သွေးကြွတွေကိုသာ တိုက်ခိုက်ခဲ့ပြီး အရပ်သားတွေကို ပစ်မှတ် မထားခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ကျည်ဆံ ဒဏ်ရာအပါအဝင် တခြား ဒဏ်ရာတွေနဲ့ အတူ ရောက်လာတဲ့ ဒုက္ခသည်တွေကတော့ ဒေသခံ ဗုဒ္ဓဘာသာဝင် အုပ်စုတွေရဲ့ ထောက်ခံ အားပေးမှုရတဲ့ မြန်မာစစ်သားတွေဟာ သူတို့ရဲ့ ရွာတွေကို မီးရှို့ခဲ့ကြသလို အရပ်သားတွေကိုလည်း တိုက်ခိုက် သတ်ဖြတ်ခဲ့ကြတယ်လို့ ထုတ်ဖော်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလို စစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ သင်ရိုးညွှန်းတမ်းတွေမှာ ပမာပြစရာ လူမျိုးစုနဲ့ချီပြီး ရှင်းလင်းရေး လုပ်ဆောင်မှု ဖြစ်တယ်လို့ ကုလသမဂ္ဂက ပုံဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အရပ်သားတွေကို ကျယ်ကျယ် ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူခဲ့တယ်ဆိုပြီးတော့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သူဟာ လတ်တလော ရာထူး ရွှေ့ပြောင်းခံခဲ့ရပြီး သူ့ရဲ့ နေရာမှာ ဗိုလ်မှူးချုပ်စိုးတင့်နိုင်ကို မြန်မာကာကွယ်ရေး ဝန်ကြီးဌာနက ဒီနှစ် နိုဝင်ဘာ လဆန်းပိုင်းမှာ အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဒီတပတ်ထဲမှာပဲ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ သမာသမတ် မကျဘူးဆိုပြီး မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြီး ဒါဟာ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာကို ပြနေတယ်လို့ မစ္စလီက ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ