ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာ

ဓာတ်ပုံ ရင်းမြစ်, တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
တအာင်းပလောင်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တွေက တပ်မတော် လုံခြုံရေး စခန်းတွေကို လာတိုက်တာလို့ တပ်မတော်က သတင်းထုတ်ပြန်ထား
ရှမ်းပြည် မြောက်ပိုင်းဒေသ မန်ဝိန်း၊ မန်စီ၊ နမ့်ခမ်း မြို့နယ်အတွင်းက တရုတ်မြန်မာ ဓါတ်ငွေ့ ပိုက်လိုင်း တလျှောက် ဒေသတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ဒီဇင်ဘာ ၂၁ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့အပြီး နောက်တရက်မှာလည်း နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
အခုအခါ တိုက်ပွဲတွေ ပိုပြင်းထန်လာနေပြီး တချို့နေရာတွေမှာ ရွာလုံးကျွတ်နီးပါး နေအိမ် စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေဟာ မန်ဝိန်းကြီး ဒေသကို ခိုလှုံလာကြသလို တချို့လည်း နမ့်ခမ်းမြို့ပေါ်ကို၊ တချို့လည်း တရုတ်မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေး ခိုလှုံလာကြတယ်လို့ မန်ဝိန်းကြီး ဒေသ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ဘီဘီစီကို ပြောပါတယ်။
ရွှေလီ နမ့်ခမ်း တံတားမှာ တပ်မတော်က လူအသွားအလာတွေ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စတာတွေ သယ်ဆောင်ခွင့် တားမြစ်ထားတယ်လို့ ဆိုပါတယ်။
ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီ ရိက္ခာတွေ မရောက်အောင် ဖြတ်တောက်ဖို့ ကြိုးစားတာလို့ ဒေသခံတချို့က ပြောပါတယ်။
နမ့်ခမ်းမြို့နယ် ကောင်းကတ် ကျေးရွာ အုပ်စု ဟိုနားရွာနားက သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းအနီး လုံခြုံရေး ဆောင်ရွက်နေတဲ့ စခန်းတွေကို တအာင်း ပလောင်နဲ့ ကေအိုင်အေ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်က လာရောက် တိုက်ခိုက်ခဲ့တာလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။