ဖျာပုံက ရေလုပ်သားတွေ ပျောက်ဆုံးနေသေး

ဓာတ်ပုံ မူပိုင် ကြေးမုံ
Image caption လုပ်ငန်းရှင် ၁၁ ဦးရဲ့ ကျားဖောင် ၈၄ ဖောင်နဲ့အတူ ပျောက်ဆုံးသွားတာဖြစ်

ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့ အရှေ့ဘက် ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ ရေလုပ်သား ၂၅၀ ကျော်ဟာ ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ လေနီကြမ်း မုန်တိုင်းကြောင့် ပင်လယ်ထဲကို မျောပါ ပျောက်ဆုံးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းအထိ ၁၈၆ ဦးပဲ ပြန်တွေ့သေးတဲ့အတွက် ၆၀ ကျော် ဆက်လက် ပျောက်ဆုံးနေပါတယ်။

အဲဒီ ရေလုပ်သားတွေဟာ လုပ်ငန်းရှင် ၁၁ ဦးရဲ့ ကျားဖောင် ၈၄ ဖောင်နဲ့အတူ ပျောက်ဆုံးသွားတာ ဖြစ်ပြီး ၄၇ ဖောင်နဲ့ ပျက်စီးသွားတဲ့ ဖောင် ၈ ဖောင်ကိုသာ တွေ့ရှိထားတယ်လို့ ဖျာပုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုလို ပျောက်ဆုံးနေသေးသူတွေကို ဒေသခံ ကျားဖောင် လုပ်ငန်းရှင်တွေက ကျွမ်းကျင်ရေလုပ်သားတွေ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး သင်္ဘောတွေနဲ့ ဆက်လက် ရှာဖွေနေတယ်လို့ ဖျာပုံမြို့နယ် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

အခုလို ပျောက်ဆုံးသူတွေဟာ ခါးဖြတ်ကျေးရွာက အများဆုံးဖြစ်ပြီး အဲဒီ ရေလုပ်သားတွေရဲ့ လုပ်ကွက်နဲ့ လေကြောင်းကျတဲ့နေရာ တိုက်ဆိုင်သွားလို့ အခုလို ဖြစ်ရတာလို့ ဒီရွာက ကျားဖောင် လုပ်ငန်းရှင် ဦးဇော်လင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အခုပျောက်ဆုံးနေတဲ့ ရေလုပ်သားတွေကို ကယ်ဆယ်တွေ့ရှိလာရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ကိုလည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၁ ခုနှစ်တုန်းကလည်း အခုလိုပဲ ကျားဖောင်တွေနဲ့ ငါးဖမ်းနေတဲ့ ရေလုပ်သား ၇၀ဝ ကျော် ပျောက်ဆုံးခဲ့ဖူးပြီး တချို့ရေလုပ်သားတွေဟာ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေအထိ ရောက်ရှိသွားတဲ့အတွက် အစိုးရက ပြန်လည် ခေါ်ယူ ပေးခဲ့ရဖူးပါတယ်။

ဆက်စပ် အကြောင်းအရာများ