ရိုဟင်ဂျာအရေး ကုလ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ထွက်လာ

Image caption ၁ဝ နိုင်ငံ ကန့်ကွက်မဲပေး

ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရေး ဆောင်ရွက်ချက်တွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာအရေး ဆုံးဖြတ်ချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ထဲ မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ထားရှိရေး အပါအဝင်၊ ရခိုင်ပြည်နယ်ထဲ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ဝင်ရောက်နိုင်ရေး အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံပြီး၊ နိုင်ငံသားဖြစ်ခွင့်လိုမျိုး အခွင့်အရေးတွေကို မြန်မာ အစိုးရက အာမခံပေးဖို့လည်း ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ထဲ တိုက်တွန်း ထားပါတယ်။

ဒီ ဆုံးဖြတ်ချက် မူကြမ်းကို အစ္စလာမ်စ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC က တင်သွင်းခဲ့တာ ဖြစ်ပြီး၊ အထွေထွေညီလာခံမှာ ထောက်ခံမဲ ၁၂၂ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တရုတ်၊ ရုရှားနဲ့ ဒေသတွင်း နိုင်ငံတချို့ အပါအဝင် နိုင်ငံ ၁ဝ နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ကြပြီး၊ ၂၄ နိုင်ငံ က မဲမပေးပဲ နေခဲ့ပါတယ်။

Image caption ဒုက္ခသည် ပြန်လည် လက်ခံရေး ကုလတိုက်တွန်း

မြန်မာ အစိုးရကတော့ ရခိုင်ပြည်နယ်တွင်း စစ်ရေး ဆောင်ရွက်ချက်တွေဟာ အာဆာ လက်နက်ကိုင်တွေ အပေါ် ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး၊ လက်ရှိ စစ်ရေး လုပ်ဆောင်နေတာမျိုး မရှိဘူးလို့ ပြောဆို ထားပါတယ်။

ဒါပေမယ့်လည်း၊ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ကနေ မကြာသေးခင်က ထုတ်ပြန် ခဲ့တာတွေထဲ အခု လပိုင်းတွေအတွင်း ရိုဟင်ဂျာရွာတွေ ဆက်လက် မီးရှို့ ခံနေရတယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ဒီသတင်းနဲ့ပတ်သက်သမျှ