ကုလ ဆုံးဖြတ်ချက်ကြောင့် မြန်မာ ဖိအားများလာ

ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံပေါင်း ၁၂၂ နိုင်ငံ က ထောက်ခံမဲ ပေးခဲ့

ရခိုင် ပြည်နယ် က လူ့အခွင့်အရေး ချိုးဖောက်တဲ့ စစ်ဆင်ရေး တွေ ရပ်တန့်ဖို့၊ ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုဖို့နဲ့၊ အထူး ကိုယ်စားလှယ် ထားရှိရေး ဆောင်ရွက်ပေးဖို့ ကို ဒီဇင်ဘာ ၂၄ ရက်နေ့ က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည် ပြု လိုက်ပါတယ်။

အထွေထွေ ညီလာခံမှာ လုပ်တဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက် မူကြမ်း ကို မဲခွဲ ဆုံးဖြတ်ရာမှာတော့ နိုင်ငံပေါင်း ၁၂၂ နိုင်ငံ က ထောက်ခံမဲ ပေးခဲ့ကြပြီး ၁၀ နိုင်ငံကတော့ ကန့်ကွက်ခဲ့ကာ၊ ကြားနေတဲ့ နိုင်ငံက ၁၀ နိုင်သာ ရှိခဲ့ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း က မြန်မာ့ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကိုလည်း မြန်မာ အစိုးရ က ကိုင်တွယ် ဖြေရှင်း ဖို့ ဆိုတဲ့ အချက်ကိုလည်း အတည်ပြုခဲ့ကြပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ကုလသမဂ္ဂ ရဲ့ အထွေထွေ ညီလာခံမှာ နှစ်စဉ်လိုလို မြန်မာ့အရေးကို ဆုံးဖြတ်ချက် ချမှတ် ခံခဲ့ရ ပါတယ်။

ဒါပေမယ့် အရပ်သား အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်မှာတော့ အခြေအနေတွေ တိုးတက်လာတဲ့ အတွက် အထွေထွေ ညီလာခံက မြန်မာ့ အရေး နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း မရှိပါဘူး။

အရပ်သား အစိုးရ အုပ်ချုပ်မှု ဒုတိယ နှစ် သက်တမ်းမှာ သြဂုတ်လ ကစပြီး ရခိုင် ပြည်နယ်မှာ တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်း မှုတွေ ကြောင့် ဒုက္ခသည် ခြောက်သိန်းကျော် ထွက်ပြေး ခဲ့ရပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခဲ့မှာ ဆွေးနွေးဖို အဆိုတင်သွင်းခဲ့ကြတာပါ။

ဒီအဆို ကို အိုအိုင်စီ လို့ ခေါ်တဲ့ အစ္စလမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့က ဉီးဆောင် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အစိုးရကတော့ ရခိုင်ပြည်နယ်တွင်း စစ်ရေး ဆောင်ရွက်ချက်တွေ ဟာ အာဆာ လက်နက်ကိုင်တွေ အပေါ် ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး၊ လက်ရှိ စစ်ရေး လုပ်ဆောင်နေတာမျိုး မရှိဘူးလို့ ပြောဆို ထားပါတယ်။

ရခိုင် အရေးနဲ့ ပတ်သက်လို့ ပြည်တွင်း အင်အား တစ်ခုထဲ ကို အားကိုးလို့ မရဘဲ မြန်မာ အစိုးရ နေနဲ့ နိုင်ငံတကာ ရဲ့ ဝေဖန် ထောက်ပြမှုတွေကို အလေး အနက်ထား ဆောင်ရွက် သင့်တယ်လို့ တမ္ပဒီပ အင်စတီကျု အဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ဇော်ဝင်း က ဝေဖန် သုံးသပ် ထားပါတယ်။