ဂျပန် နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်ထဲထိ သွားမယ်

Image caption နိုင်ငံတကာနဲ့ မြန်မာ အစိုးရအကြား ဂျပန်အနေနဲ့ ကြားဝင်ပေးလို

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနို လာမယ့် ဇန်နဝါရီလ မြန်မာနိုင်ငံကို လာရောက်တဲ့ အခါ၊ ရခိုင်ပြည်နယ်ထဲထိ သွားပြီး အဲဒီက ဒုက္ခသည် စခန်းတွေကို ကြည့်ရှုဖို့ စီစဉ် ထားတယ်လို့ ဂျပန် မီဒီယာတွေမှာ အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြ ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ အခါ ရိုဟင်ဂျာ အကြပ်အတည်း အတွက် ဂျပန် အစိုးရ အနေနဲ့ စိုးရိမ်မှုတွေ ရှိကြောင်း မစ္စတာကိုနို ထည့်သွင်း ပြောဆိုမယ်လို့လည်း ကျိုဒို သတင်းဌာနက ဆိုပါတယ်။

ဒီခရီးစဉ်ဟာ မစ္စတာ ကိုနို အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပထမဆုံး အကြိမ် မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

ရေရှည်မှာ စီးပွားရေး အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ကြား ဂျပန် အစိုးအရက မိတ်မပျက်လိုပဲ၊ နိုင်ငံတကာနဲ့ မြန်မာ အစိုးရအကြား ဂျပန်အနေနဲ့ ကြားဝင်ပေးတဲ့ အခန်းကဏ္ဍ နေရာမျိုး ရရှိနိုင်ဖို့ မစ္စတာကိုနို အာရုံစိုက် လုပ်ဆောင်ဖွယ် ရှိတယ်ဆိုပြီး လေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် အရေးကိစ္စ မြန်မာအစိုးရ ကိုင်တွယ်နေပုံ အပေါ် ကုလသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့် နေကြပါတယ်။

Image caption လုံခြုံစွာ ပြန်လာ နိုင်ရေး အာမခံချက်တွေ အရေးတကြီး လိုအပ်နေ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး အစီအစဉ်ကို လာမယ့် ဇန်နဝါရီလမှာ စတင်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူ ထားပေမယ့်လည်း တကယ်တမ်း စတင်လာဖို့ မဖြစ်နိုင်ဘူး ဆိုပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ လက်ထောက် မဟာမင်းကြီးဖြစ်တဲ့ ဗောလ်ကာ တာ့ခ်က ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော် စိတ်ချ လုံခြုံစွာ ပြန်လာ နိုင်ရေးအတွက် ခိုင်မာတဲ့ အာမခံချက်တွေ အရေးတကြီး လိုအပ်နေဆဲ ဖြစ်တယ်လို့ မစ္စတာ တာ့ခ်က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ