ခရစ္စမတ်မှာ မပျော်နိုင်တဲ့ ကချင်စစ်ပြေးဒုက္ခသည်

ကချင်ပြည်နယ်က အိုးအိမ်စွန့်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကချင်ဒုက္ခသည် ဓာတ်ပုံ မူပိုင် Saw Yan Naing
Image caption ကချင်ပြည်နယ်က အိုးအိမ်စွန့်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကချင်ဒုက္ခသည်

ခရစ္စမတ်ရောက်တိုင်း ခရစ်ယာန်ဘာဝင်တွေဟာ မိသားစုနဲ့ ပြန်လည်ဆုံစည်းတာ၊ ခရစ္စမတ်ပွဲလမ်းသဘင်တွေ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပေမယ့် မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်နေရာတချို့မှာတော့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ခရစ်ယာန်ဘာသာဝင် ကချင်ဒုက္ခသည်တွေကတော့ အရင်ကလို ခရစ်စ္စမတ်ပွဲတော်ကို လုံခြုံစိတ်ချစွာ မကျင်းပနိုင်ခဲ့ပါဘူး။

ဒီရက်ပိုင်းတွေမှာလည်း မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကေအိုင်အေ တို့အကြား ကချင်ပြည်နယ်တချို့မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရွာသားတချို့လည်း ထွက်ပြေးနေရပါတယ်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ရဲ့ဌာနချုပ် လိုင်ဇာနားမှာလည်း မကြာခင်က လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် အနားရှိ ရွာသားတွေလည်း ကျီးလန့်စာစားဖြစ်နေကြပါတယ်။ ကချင်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ခရစ္စမတ်အချိန်အခါမှာ အခုလိုတိုက်ပွဲဖြစ်နေတာကို စိတ်မချမ်းသာဘူးလို့ ကချင်ဘာသာရေးဆရာတယောက်ဖြစ်တဲ့ သင်းထောက်ဆရာ ဆင်ဂေါင် ကပြောပါတယ်။

ဒီဇင်ဘာလမှာ တိုက်ပွဲပြင်းထန်လာတာဟာ ကေအိုင်အေကို စစ်တပ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ စစ်ရေးနဲ့ ဖိအားပေးနေတယ်လို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ဘီဘီစီကိုပြောပါတယ်။ ဒါပေမယ့် ခရစ္စမတ်ကာလမှာ အခုလိုဖိအားပေးတာဟာ မဖြစ်သင့်ဘူးလို့ သူက အခုလိုပြောပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက မြန်မာအစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ကချင်ရွာသား တသိန်းကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ဲကြပါတယ်။ တချို့က အိမ်ပြန်နိုင်ကြပေမယ့် တချို့ကတော့ အခုချိန်ထိ အိမ်မပြန်နိုင်ကြသေးပါ။

စစ်ပွဲတွေကြောင့် လူထုတွေမြေစာပင် ဖြစ်နေရတယ်လို့ ဒီနှစ်ဇူလိုင်လကတည်းက ရွာကနေ တနိုင်းမြို့ပေါ်ထွက်ပြေးခိုလှုံနေတဲ့ ကချင်ဒုက္ခသည် မမယ်ရီက ပြောပါတယ်။

စစ်အငွေ့အသက်ကြောင့် အကြောက်တရားနဲ့ နေထိုင်နေရတဲ့ ကချင်ဒုက္ခသည်တွေရဲ့ သောကနဲ့ အိမ်ပြန်ရမယ့်နေ့ကိုတော့ မျှော်လင့်နေတယ်လို့ မမယ်ရီ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ