တနှစ်အတွင်း ပညာရေး၀န်ထမ်း ၆၀၀ကျော်ကို အရေးယူ

ဓာတ်ပုံ မူပိုင် EPA
Image caption ပညာရေး တိုးတက်မှု နှီးနှောဖလှယ်ပွဲ

၂၀၁၆ ခုနှစ်ဧပြီလကနေ ၂၀၁၇ ခုနှစ် မတ်လအထိ တစ်နှစ်တာ ကာလအတွင်း အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း ၁၀၀ ကျော်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဝန်ထမ်း (၅၀၀) ကျော်ကို အရေးယူမှုတွေ လုပ်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

လက်ရှိ အရပ်သား ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ အခုလို အရေးယူမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ဌာနခွဲတွေ ဖြစ်တဲ့ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာသက်မွေးဌာန၊ ပညာရေးသုတေသန စတဲ့ ဌာနဆိုင်ရာ (၁၁)ခု လက်အောက်မှာ ရှိတဲ့ ပညာရေးဝန်ထမ်း အယောက် (၆၀၀) ကျော်ကို အရေးယူခဲ့တာ ဖြစ်ပါတယ်။

အရေးယူခံရသူတွေဟာ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်တာ၊ တာဝန်ပျက်ကွက်တာတွေအပြင် အဂတိလိုက်စားတာ ငွေအလွဲသုံးစားလုပ်တာတွေ ကျူးလွန်ခဲ့လို့ ခုလို အရေးယူခံရတာ ဖြစ်တယ်လို့ ပညာရေးသုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောပါတယ်။

အရေးယူခံရတဲ့ ပညာရေးဝန်ထမ်း (၆၄၄) ယောက် ထဲမှာ အခြေခံပညာဦးစီးဌာနတခုတည်းတင် ဝန်ထမ်း (၅၀၀) ကျော် ရှိပြီး အဆင့်မြင့်ပညာ ဦးစီးဌာနက ဝန်ထမ်း (၄၀) ကျော် ရှိနေပါတယ်။

သူတို့တွေကို စာနဲ့သတိပေးတဲ့အဆင့်ကနေ ရာထူးတိုးရပ်ဆိုင်းတာ၊ ရာထူးအဆင့်လျှော့ချတာ၊ အပြင် ဝန်ထမ်းအဖြစ်ကနေလုံး၀ ထုတ်ပယ်တဲ့အထိ အရေးယူတာမျိုးတွေ လုပ်တာလည်း ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအပေါ်မူတည်ပြီး နိုင်ငံဝန်ထမ်းဥပဒေအရ အရေးယူခဲ့တာပါလို့ ပညာရေးသုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းရာနဲ့ချီပြီး အရေးယူတာကတော့ အစိုးရသစ်လက်ထက်မှာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အရင်အစိုးရတွေတုန်းကတော့ ဝန်ထမ်းတွေကို ဌာနတွင်း အရေးယူတာတွေ ရှိခဲ့ပေမယ့် အခုလို ပွင့်ပွင့်လင်းလင်းထုတ်ပြန်မဆောင်ရွက်ခဲ့ဘူးလို့ ဦးကိုလေးဝင်းက ပြောပါတယ်။

အခုပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းမှာတော့ ရာထူးကနေ ထုတ်ပယ်ခံရသူဦးရေက အများဆုံးဖြစ်ပြီး ဝန်ထမ်း(၁၂၁) ဦးအရေးယူခံရတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ