ကချင်ပြည်နယ် ခရစ္စမတ်တိုက်ပွဲ

Image caption ဒီဇင်ဘာလအတွင်း ကေအိုင်အေနဲ့ အစိုးရစစ်တပ် တိုက်ပွဲအရှိန်မြင့်လာ

ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးအကြိုကာလတွေအတွင်း ကေအိုင်အ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာအစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေပါတယ်။

တနိုင်းဒေသမှာ ဒီဇင်ဘာလဆန်းကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး အခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေပါတယ်။

မန်စီဒေသမှာလည်း တိုက်ပွဲဖြစ်ပွားနေပြီး အဲဒီဘက်မှာတော့ တိုက်ပွဲပိုမိုပြင်းထန်တယ်လို့ ကေအိုင်အို သတင်းနဲ့ပြန်ကြားရေးဌာနက ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မြန်မာအစိုးရကတော့ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းပြီး တရုတ်ပိုက်လိုင်းတွေကို နှောင့်ယှက်ဖျက်ဆီးဖို့တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက ပိုက်လိုင်းစောင့်တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာမှန်ပေမယ့် ပိုက်လိုင်းကို ဖျက်ဆီးနှောင့်ယှက်ချင်တဲ့ ဆန္ဒနဲ့တိုက်ခိုက်ခဲ့တာ မဟုတ်သလို ကေအိုင်အေဘက်က စတင်တိုက်ခိုက်တာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

ခရစ္စမတ်အကြိုနေ့ကလည်း လိုင်ဇာမြို့ကို မြန်မာအစိုးရတပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ ကချင် စစ်ဘေးရှောင် ဒုက္ခသည်တွေကို စာသင်ပေးနေတဲ့ ဆရာမတယောက်ကို ထိမှန်ပြီး ဒဏ်ရာရခဲ့ပါတယ်။

ဆရာမဟာ လမ်းပေါ်လျှောက်သွားနေစဉ် လက်နက်ကြီးကျည် အပိုင်းအစက ကုပ်ကိုထိမှန်စိုက်ဝင်ခဲ့တာဖြစ်ပါတယ်။