ရခိုင် မေယုတောင်တန်းမှာ လမ်းသစ် ၂ခုဖောက်မယ်

Image caption ဖောက်လုပ်နေတဲ့ လမ်းတွေဟာ မောင်တောနဲ့ စစ်တွေခရိုင်ထဲက ကျေးရွာတွေကို ချိတ်ဆက် ပေးမယ်။

ရခိုင်ပြည်နယ် မေယု တောင်တန်းရဲ့ အရှေ့နဲ့ အနောက်က ကျေးရွာတွေကိုချိတ်ဆက်ပေးမယ့် လမ်းသစ် ၂ ခုကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဖောက်လုပ်နေပါတယ်။

လမ်း ၂ လမ်းကို ငွေကျပ် သန်း ၉ထောင် နီးပါး အကုန်ခံ ဖောက်လုပ်နေပြီး မတ်လအကုန်မှာ ပြီးစီးဖို့ မျှော်မှန်း ထားသလို နောက်အကျဆုံး မိုးမကုန်ခင်အပြီးဖောက်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်ဝေက ဘီဘီစီကို ပြောပါတယ်။

ဖောက်လုပ်နေတဲ့ လမ်းတွေကတော့ ကြိမ်ချောင်း-ဂုပ္ပိ တောင်ကျော်လမ်းနဲ့ ကျောက်ပန္တု-အင်းဒင်-စေတီပြင် တောင်ကျော်လမ်းတို့ ဖြစ်ပါတယ်။

အမာခံ ကျောက်လမ်းအဖြစ် ဖောက်လုပ်နေတဲ့ (၂)လမ်းဟာ အရှည် (၁၅) မိုင် နဲ့ (၁၀)မိုင် ၇ ဖာလုံ အသီသီးရှိမှာ ဖြစ်ပါတယ်။

ဒီလမ်းတွေနဲ့အတူ ပေ ၅၀ ကျော် အရှည်ရှိတဲ့ တံတားတွေအပါအဝင် တံတားအစင်း ၁၂၀ ကျော် ကိုလည်း ဆောက်လုပ်နေပါတယ်။

ဖောက်လုပ်နေတဲ့ လမ်းတွေဟာ မောင်တောခရိုင်နဲ့ စစ်တွေခရိုင် တွေထဲက ကျေးရွာတွေကို ချိတ်ဆက် ပေးမှာဖြစ် ပါတယ်။

ပြည်ထောင်စု အစိုးရဟာ ရခိုင်ပြည်မြောက်ပိုင်းဖွံဖြိုးတိုးတက်ရေးအတွက် စီမံကိန်းချ လုပ်ဆောင်နေသလို ဒီလမ်းတွေ ဖောက်လုပ်မှုကလည်း ဒေသဖွံဖြိုးရေး စီမံကိန်းတွေရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

Image caption မေယုတောင်ကြောပေါ်က အာဆာ အဖွဲ့ရဲ့ စခန်းတချို့။

ရခိုင်ပြည်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစိုးရက စွပ်စွဲ ပြောဆိုထားတဲ့ အာဆာ အဖွဲ့ရဲ့ စခန်းတချို့ လမ်းသစ် ဖောက်လုပ်နေတဲ့ မေယုတောင်ကြောပေါ်မှာ တွေ့ရှိခဲ့တဲ့အကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။