၂၁ရာစုပင်လုံ တတိယအကြိမ် နောက်လကုန် လုပ်နိုင်

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office Facebook
Image caption ဒုတိယအကြိမ်တုန်းက သဘောတူညီမှုယူဖို့ ကျန်ရှိနေသေးတဲ့ UPDJC က တင်သွင်းထားတဲ့ အဆိုပြုချက်တွေကိုလည်း ထပ်မံ ဆွေးနွေးသွားမယ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကိုလာမယ့် ဇန်နဝါရီ လကုန်ပိုင်းမှာ ကျင်းပဖို့ ရည်မှန်းထားတယ်လို့ နေပြည်တော်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေး အပြီးမှာ ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

အခုလို အစည်းအဝေး ကျင်းပဖို့ ရက်အတိအကျကိုတော့ ဇန်နဝါရီလ ဒုတိယပတ်လောက်မှာ လုပ်ငန်းကော်မတီ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပအို့ဝ် အမျိုးသားရေး လွတ်မြောက်ရေးတပ်ဖွဲ့ PNLO ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

လာမယ့် ဇန်နဝါရီလဆန်းမှာပဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထု တွေ့ဆုံပွဲတွေကို အစိုးရတပ်မတော်ဘက်က ဟန့်တားနေပေမယ့် နှစ်ဖက် ခေါင်းဆောင်တွေ ညှိနှိုင်းလို့ရမယ်လို့ ယုံကြည်ကြောင်းကိုလည်း သူက ပြောပါတယ်။

ရှမ်းပြည်နယ်က နိုင်ငံရေး အစုအဖွဲ့တွေ အနေနဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် လူထုတွေ့ဆုံပွဲတွေ လုပ်ဖို့ UPDJC အစည်းအဝေးတွေမှာ သဘောတူပြီးသား ဖြစ်ပေမယ့် တပ်မတော်ဘက်ကတော့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ ဒီအချက် မပါဘူးလို့ ယူဆထားတဲ့အတွက် အခုလို တားမြစ်နေတာလို့လည်း သူက ပြောပါတယ်။

ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို တတိယအကြိမ် မကျင်းပခင်မှာ ယခင် ဒုတိယအကြိမ်တုန်းက သဘောတူညီမှုယူဖို့ ကျန်ရှိနေသေးတဲ့ UPDJC က တင်သွင်းထားတဲ့ အဆိုပြုချက်တွေကိုလည်း ထပ်မံ ဆွေးနွေးသွားမယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ UPDJC က တင်သွင်းတဲ့ အဆိုပြုချက် ၄၅ ချက်ထဲက နိုင်ငံရေး မူဝါဒ အဆိုပြုချက် ၁၂ ချက်၊ စီးပွားရေး မူဝါဒ အဆိုပြုချက် ၁၁ ချက်၊ လူမှုရေး မူဝါဒ အဆိုပြုချက် ၄ ချက်၊ မြေယာဆိုင်ရာ မူဝါဒ အဆိုပြုချက် ၁၀ ချက်၊ စုစုပေါင်း ၃၇ ချက်ကို သဘောတူခဲ့ပေမယ့် ပြည်ထောင်စုအတွင်းက ခွဲမထွက်ရဆိုတဲ့ အချက် အပါအဝင် နိုင်ငံရေးနဲ့ လုံခြုံရေး ကဏ္ဍ မူဝါဒ ၈ ချက် ကို သဘောတူညီမှု ယူဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ