၈ လေးလုံး အရေးအခင်းကို ကမ္ဘာ့သမိုင်း ဖြစ်ရပ်အဖြစ်မှတ်တမ်းတင်ဖို့ ကြိုးပမ်း

ဓာတ်ပုံ မူပိုင် Zaw Min
Image caption ရှစ်လေးလုံးပြတိုက်ရောက်လာခဲ့တဲ့ သာသနာရေး ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကို သတင်းမီဒီယာသမားတွေက မေးမြန်းနေစဉ်

လွန်ခဲ့တဲ့ ၂၉ နှစ်က တနိုင်ငံလုံး ပါဝင်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးအခင်းကာလကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)ရဲ့ Memory of the World Register ကမ္ဘာ့သမိုင်းဝင်ဖြစ်ရပ် အဖြစ် ထားရှိနိုင်ဖို့ ရှစ်လေးလုံးခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ လက်ခံလိုက်ပြီး အခုတော့ ယူနက်စကိုမှာ လျှောက်ထားဖို့ စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ရှစ်လေးလုံးလှုပ်ရှားမှုကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)မှာ ကမ္ဘာ့သမိုင်းဝင်ဖြစ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ ဦးဆောင် လျှောက်ထားပေးမှာ ဖြစ်ပါတယ်။ အရေးအခင်းကာလတုန်းက ကျန်ရစ်ခဲ့တဲ့ အလံတွေ ဓာတ်ပုံတွေ ပစ္စည်းတွေကို ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေး ကော်မတီ စုဆောင်းနေပြီး ဒီအချက်လက်တွေ နဲ့ အတူ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ယူနက်စကို ကို ၂၀၁၈ ခုနှစ် မတ်လမကုန်ခင် တင်ပြရမှာ ဖြစ်တယ်လို့ ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရသူ ကိုရဲနိုင်အောင် က ပြောပါတယ်။

ပြတိုက်နဲ့ပတ်သက်တဲ့ ဝန်ကြီးဌာနက ယူနက်စကိုကို လျှောက်ထားရမှာ ဖြစ်တဲ့အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက လျှောက်ထားရမှာဖြစ်ပြီး ၂၀၁၈ ခုနစ်မတ်လမတိုင် တင်ပြမဲ့ အထောက်အထား ပစ္စည်းမှတ်တမ်းတွေကို ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး တင်ပြရမှာဖြစ်တယ်လို့ ကိုရဲနိုင်အောင်က ပြောပါတယ်။

လောလောဆယ်မှာတော့ ရှစ်လေးလုံးကာလက အဖြစ်အပျက် အထောက်ထားတွေကို ပြန်ကြည့်ရှုနိုင်ဖို့ အတွက် ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ) ဆိုပြီး ဖွင့်လှစ်ထားပေမယ့် အဲ့ဒီမှာတော့ အရေးအခင်းကာလက ကျန်ရှိခဲ့တဲ့ ပစ္စည်းတွေထက် ဓာတ်ပုံအထောက်အထားတွေနဲ့ စာရွက်စာတမ်းတွေ အများစုကိုပဲ ပြသထားနိုင်တာ ဖြစ်ပါတယ်။ ဒီအတွက် ပြတိုက်ကော်မတီက အရေးအခင်းကာလက ကျန်ရှိခဲ့တဲ့ ပစ္စည်းတွေကို အစိုးရကို တောင်းခံထားပြီး သမိုင်းပြတိုက်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အခု ယူနက်စကိုက ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင်ဖို့ အသိအမှတ်ပြုမယ်ဆိုရင် ပြတိုက်အတွက် လိုအပ်တာတွေကို ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရသူ ကိုရဲနိုင်အောင် က ပြောပါတယ်။

ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေးကော်မတီဟာ ယာယီ ရှစ်လေးလုံးယာယီ ပြတိုက်ကို ၂၀၁၅ ခုနှစ် သြဂုတ်လက ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး တကယ့် ရှစ်လေးလုံးပြတိုက် မြေနေရာနဲ့ အဆောက်အဦးကို ခုထိ မတည်ဆောက်နိင်သေးပါဘူး။ ဒီအစိုးရကို တောင်းခံထားပေမယ့် အခုထိ တိတိကျကျရလဒ် ထွက်မလာသေးဘူးလို့ ပြောပါတယ်။ အခုတော့ ရှစ်လေးလုံးကာလ အဖြစ်အပျက်တွေကို ယူနက်စကိုမှာ ကမ္ဘာ့သမိုင်းဝင် မှတ်တမ်းတင်ဖို့ လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပြတိုက်ကော်မတီဝင်တွေ ၊ သမိုင်းပညာရှင်တွေနဲ့ ဆွေးနွေးနေပါတယ်။ လျှောက်လွှာတင်ပြီးပြီဆိုရင်တော့ ယူနက်စကိုက လာရောက် စစ်ဆေးမှုတွေလုပ်ပြီး တစ်နှစ်ကြာလောက် သုံးသပ်စစ်ဆေးပြီးကာမှ လက်ခံသင့် မခံသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ