သီပေါ မိုင်းရှူးမြို့နယ်မှာ SSA မြောက်နဲ့ တပ်မတော် တိုက်ပွဲဖြစ်

ဓာတ်ပုံ မူပိုင် SSPP info
Image caption ရှမ်းမြောက် SSPP/SSA တပ်ဖွဲ့ဝင်တွေ

အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်မတော်တို့အကြား သီပေါနဲ့ မိုင်းရှူးမြို့နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က သီပေါမြို့နယ်အတွင်းက SSA မြောက်ပိုင်းဌာနချုပ်ဟောင်းဖြစ်တဲ့ စိန်ကျော့ဒေသရဲ့ တောင်ဘက် ဆောင်ကျဲအနီးနဲ့ ဇန်နဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ မိုင်းရှူးမြို့နယ် အတွင်းက ရတနာမြေအနီးက ဆိုင်းလျန်ဒေသတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရှမ်းမြောက်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေရဲ့ အသေးစိပ်အခြေအနေကို မသိရဘူးလို့လည်း အဲဒီအရာရှိက ပြောပါတယ်။

မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာ ရှမ်းမြောက်တပ်ဖွဲ့ရဲ့ အချုပ်သားတွေကို ထားတဲ့နေရာနဲ့ဘိန်းဖြတ်စခန်းအဖြစ်ထားတဲ့ နေရာမှာ တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပြီး မိုင်းရယ် သီပေါသွားလမ်းမှာ တည်ရှိတာပါ။

မိုင်းရှူးတောင်ပေါ်ဘက်မှာတော့ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာ ကြားရပြီး အရင်က ဖြစ်လေ့ဖြစ်ထမရှိတဲ့ နေရာမှာ တိုက်ပွဲဖြစ်နေတာလို့ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးက ဘီဘီစီကို ပြောပါတယ်။

ရတနာမြေ ဆိုင်းလျန်ဒေသမှာ ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ကစလို့ တိုက်ပွဲဖြစ်နေခဲ့ကာ မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း SSPP/SSA ဌာနချုပ်ဝမ်ဟိုင်းက ပြန်ကြားရေးအရာရှိက ပြောပါတယ်။

ဒေသအတွင်းမှာ စစ်ရေးတင်းမာမှု မရှိပဲ ရုတ်တရက် တိုက်ပွဲတွေဖြစ်လာနေတာလို့ စိုင်းထွန်းအေးက ပြောသလို လွန်ခဲ့တဲ့ရက်ပိုင်းကပဲ တပ်မတော်အဆင့်မြင့်အရာရှိတွေရဲ့ မိုင်းရှူးခရီးစဉ်အတွင်း ရှမ်းမြောက်တပ်ဖွဲ့ဝင်တွေက မိုင်းရှူး-မိုင်းနောင်သွားလမ်းတလျှောက် လုံခြုံရေးယူပေးနေခဲ့တာတွေ့ရတယ်လို့လည်း စိုင်းထွန်းအေးက ပြောပါတယ်။

ရတနာမြေဖြစ်တဲ့ တောင်ပေါ်မှာ တိုက်ပွဲဖြစ်နေပေမဲ့ မိုင်းရှူးမြို့ပေါ်မှာတော့ ပုံမှန်အတိုင်းပဲရှိနေတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဟာ အစိုးရနဲ့ ပြည်နယ် ပြည်ထောင်စုအဆင့် တဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။