ချင်းရွှေဟော်မှာ နိုင်ငံတကာ ကုန်းလမ်းဝင်ပေါက် ထားရှိဖို့ ရည်ရွယ်

Image caption နယ်စပ်ကုန်သွယ်ရေး သိသိသာသာ မြင့်တက်

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တရုတ်နဲ့ နယ်စပ်ဂိတ် ဖြစ်တဲ့ ချင်းရွှေဟော်ကို နိုင်ငံတကာ ကုန်လမ်း ဝင်ပေါက် အဆင့်မျိုး အထိ ဖြစ်လာအောင် မြန်မာ အာဏာပိုင်တွေ ရည်ရွယ်ထားပါတယ်။

ကုန်သွယ်ရေးရော၊ ခရီးသွားလုပ်ငန်း အတွက်ပါ အလားအလာကောင်းတွေ ရှိနေတဲ့ ချင်းရွှေဟော်ကို အဆင့်မြှင့် နိုင်ဖို့ ရည်မှန်းချက် ရှိတဲ့အကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကို ကိုးကားလို့ အစိုးရပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

နယ်စပ်ဂိတ် ၈ ခု ရှိနေတဲ့ ချင်းရွှေဟော်ဟာ တရုတ်နဲ့ နယ်စပ်ဂိတ်တွေထဲ မူဆယ်ပြီးရင် ဒုတိယ အကြီးဆုံး ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး အခြေအနေ

ချင်းရွှေဟော်ကနေ ပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်ရေးဟာလည်း ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်ကတည်းက သိသိသာသာ မြင့်တက် လာနေတာမှာ ပြီးခဲ့တဲ့ ၂ဝ၁၆-၁၇ မှာဆိုရင် အမေရိကန် ဒေါ်လာ ၅၃၇ သန်းဖိုး အထိ ရှိခဲ့တယ်လို့ တရုတ် အစိုးရ သတင်းစာ ရှင်ဟွာက ဆိုပါတယ်။

မြန်မာဘက်ကနေ တရုတ်ကို ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်၊ ရာဘာ၊ ရေထွက်ကုန်၊ သကြားနဲ့ ကြံတွေကို အဓိက တင်ပို့ နေတာ ဖြစ်ပြီး၊ တရုတ်ကနေ ဓာတ်မြေဩဇာနဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ အပါအဝင် အစားသောက်နဲ့ အဝတ်အထည်လို လူသုံးကြန် ပစ္စည်းတွေ မြန်မာပြည်ထဲ ဝင်ရောက် နေတာ ဖြစ်ပါတယ်။

ချင်းရွှေဟော်သာ နိုင်ငံတကာ ပြည်ဝင်ပေါက် ဖြစ်လာခဲ့ရင် နယ်စပ်ကုန်သွယ်ရေးအပေါ် အတိုင်းအတာ တခုအထိ ထိခိုက် လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ဒေသခံ ကုန်သည်တချို့ ဆီမှာ ရှိနေတယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။

Image caption မြောက်ပိုင်း မဟာမိတ် အုပ်စုဝင် SSPP/SSA

ရှမ်းပြည်နယ် သီပေါနဲ့ မိုင်းရှူးမြို့နယ်တွေထဲက နေရာ တချို့မှာတော့ ဒေသခံ လက်နက်ကိုင် SSPP/SSA နဲ့ အစိုးရတပ်ကြား နှစ်ဆန်း ၁ ရက်က ထိတွေ့ တိုက်ပွဲတွေ ပေါ်ပေါက် လာပြန်ပါတယ်။

နှစ်ဘက်တပ်ဖွဲ့တွေကြား ၂ဝ၁၅ တုန်းက တိုက်ပွဲ ပြင်းထန်ခဲ့ပြီး၊ ပြီးခဲ့တဲ့ လ တွေတုန်းကလည်း SSPP/SSA ရဲ့ စခန်း နေရာတွေကို အစိုးရတပ်က ဖယ်ခိုင်းလို့ စစ်ရေး တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖြစ် အသိများတဲ့ SSPP/SSA ဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA နဲ့ အပြိုင် လမ်းကြောင်းကို ရှာမယ်လို့ ကြွေးကြော်ထားတဲ့ မြောက်ပိုင်း မဟာမိတ် အုပ်စုဝင် ဖြစ်ပါတယ်။