ကြားဖြတ် ရွေးကောက်ပွဲတွေ ၂၀၁၈ခုနှစ်မှာ ကျင်းပမယ်

Image caption ပြီးခဲ့တဲ့ ဧပြီလက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့

ပဋိပက္ခတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင်မြို့နယ် အပါအဝင် လစ်လပ် မဲဆန္ဒနယ် ၇နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်အတွင်း ကျင်းပဖို့ လျာထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ၂ နေရာ နဲ့ ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေ အတွက် ၅ နေရာ၊ စုစုပေါင်း လစ်လပ် မဲဆန္ဒနယ် (၇)နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။

လှိုင်သာယာ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ

ရခိုင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေ အပြင် ပဲခူးတိုင်း၊ မန္တလေးတိုင်းတွေမှာ လစ်လပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်နေရာတွေ အတွက် ရွေးချယ်မှာ ဖြစ်ပြီး လောလောဆယ်မှာ လုံခြုံရေး အခြေအနေနဲ့ မဲစာရင်း ကောက်ယူဖို့ အတွက် ပြင်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြောပါတယ်။

လာမယ့် လွှတ်တော်တွေ စတဲ့အခါ ဒီကိစ္စပြောလာနိုင်တာကြောင့် အစောဆုံးအနေနဲ့ ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှာ ကြားဖြတ် ရွေးကောက်ပွဲ လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဖက်က ပြောပါတယ်။

ရွေးကောက်ပွဲအတွက် လစ်လပ် မဲဆန္ဒ နေရာတွေထဲမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကွယ်လွန်သွားတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် အစားထိုး ရွေးချယ်ပေးဖို့လည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ဒီမဲဆန္ဒနယ်မှာ ကြားဖြတ် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တော့ လုံခြုံရေးကို အခြေအနေအရ ပိုမို ဂရုပြုဖို့ လိုတယ်လို့ ANP ရခိုင် အမျိုးသားပါတီရဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

NLD အစိုးရဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အခု ၂၀၁၈ ခုနှစ် ထဲမှာတော့ မဲဆန္ဒနယ် (၇)နေရာအတွက် နောက်တကြိမ် ထပ်လုပ်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

လွှတ်တော် ၂ ရပ်လုံးမှာ အမတ်နေရာ အများစု ရထားတဲ့ NLD ပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာတုန်းက ရခိုင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေက မဲဆန္ဒနေရာတွေမှာ ရှုံးနိမ့်ခဲ့ပေမယ့် အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ နေရာ အားလုံးမှာ အနိုင်ရဖို့ ဦးတည် ဆောင်ရွက်မယ်လို့ NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ