ပြည်တွင်းပဲတွေ အရည်အသွေးအပေါ် စိုးရိမ်မှုတွေ ရှိနေ

Image caption အိန္ဒိယကပိတ်လို့ ပဲတွေ ပြည်တွင်းမှာပုံ

မြန်မာနိုင်ငံမှာ ပြည်ပတင်ပို့မှု စျေးကွက်ပျက်ပြီး ပြည်တွင်းမှာ ပုံနေတဲ့ ပဲစဉ်းငုံနဲ့ မတ်ပဲတွေဟာ စားသုံးရင် အန္တရာယ်ရှိနိုင်တယ် ဆိုပြီး စာထုတ်ခဲ့တဲ့ စားသုံးသူ ကာကွယ်ရေးအသင်းကို အဲဒီလို ထုတ်ပြန်ခဲ့မှု အတွက် တရားဝင် ပြန်လည် တောင်းပန်ဖို့ အစိုးရ စီးပွားကူးသန်း ဝန်ကြီးဌာနက တောင်းဆို လာပါတယ်။

စားသုံးသူ ကာကွယ်ရေးအသင်းရဲ့ ထုတ်ပြန်ချက်ဟာ အစိုးရဌာန၊ ကုန်သည်နဲ့ အများပြည်သူကြား သဘောထားကွဲနိုင်တယ်လို့ စီးပွားကူးသန်း ဌာနက ပြောပါတယ်။

ပိုးသတ်ဆေး အလွန်အကျွံ သုံးပြီး စိုက်ထားတဲ့ ပဲတွေ ဖြစ်လို့ ပြည်ပက မဝယ်တာ ဖြစ်ပြီး၊ ဒီပဲတွေကို စာရင် အန္တရာယ် ဖြစ်လိမ့်မယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်းကတော့ ဆိုပါတယ်။

ပြည်ပ ပို့မရတဲ့ ပဲတွေ ပြည်တွင်း စျေးကွက် ရလာအောင် ကြိုးစားတဲ့ အနေနဲ့ စီးပွားကူးသန်း နဲ့ ပဲကုန်သည် အသင်းတို့ ပူးပေါင်းပြီး နေရာ အတော်များများမှာ ပဲစားပွဲတော်တွေ ဆိုပြီး ပြီးခဲ့တဲ့ လတွေ တုန်းက ကျင်းပ ထားပါတယ်။

Image caption တတင်းကို ၂သောင်းကျော် ရှိရာက တသောင်းအောက်ထိ ဈေးကျ

ပဲစားပွဲတော်တွေ ပြုလုပ်တာထက် စာရင် တောင်သူတွေ ပဲစိုက်တဲ့အခါ မလိုအပ်ပဲ ပိုးသတ်ဆေး မသုံးဖို့၊ ပဲလှောင်တဲ့အခါ မှာလည်း ပိုးသတ်ဆေးမပါဘဲ လှောင်နိုင်တဲ့ နည်းတွေ ပညာပေးတာမျိုးတွေ ပြုလုပ်ဖို့ လိုတယ် ဆိုပြီး စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဘအုပ်ခိုင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ ပဲစဉ်းငုံနဲ့ မတ်ပဲတွေရဲ့ အဓိက ဝယ်လက်ဖြစ်တဲ့ အိန္ဒိယအစိုးရက မဝယ်ပဲ ကန့်သတ်လိုက်လို့ ပြည်တွင်း ဈေးကွက်မှာ ပဲတွေက ပုံနေပြီး တတင်းကို ၂သောင်းကျော် ရှိရာက တသောင်းအောက်ထိ ဈေးကျခဲ့ပါတယ်။

ခုလက်ရှိ အနေအထားမှာ ပဲစဉ်းငုံ အသစ်တွေလည်း စပေါ်လာလို့ အသစ်က တတင်းကို တသောင်းသုံးထောင်ကျော် စျေးရှိပြီး အဟောင်းကတော့ တသောင်းတထောင်ဈေးပဲ ရှိပါတော့တယ်။

ပဲစဉ်းငုံနဲ့ မတ်ပဲဟာ ပြည်တွင်းမှာ အသုံးနည်းတာမို့ ဒီလိုသာ အိန္ဒိယက မဝယ်ရင် စိုက်ပျိုးတဲ့ တောင်သူတွေ ဒုက္ခရောက် နိုင်တဲ့အတွက် ပြည်သူတွေ အသုံးပြုလာစေဖို့ ရည်ရွယ်ပြီး အစိုးရက ပဲစားပွဲတော်တွေ ကျင်းပခဲ့တာ ဖြစ်သလို၊ တောင်သူတွေ အတွက် နည်းပညာ သင်တန်း ပေးတာမျိုးတွေ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ