မွန်ပြည်သစ်တဖွဲ့တည်း လက်မှတ်ထိုးမှာမဟုတ်

ဓာတ်ပုံ မူပိုင် NMSP
Image caption မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ

မွန်ပြည်သစ်ပါတီက သူတို့တဖွဲ့တည်း NCA လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် UNFC တဖွဲ့လုံးလက်မှတ်မထိုးသည့်တိုင် တချို့က သူတို့နဲ့ အတူပါမယ်ဆိုရင် NCA လက်မှတ်ထိုးမယ်လို့ ဆိုပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးနဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် လယီကောင်းတို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က မွန်ပြည်နယ် ရေးမြို့မှာတွေ့ဆုံခဲ့ပါတယ်။

အဲသလိုတွေ့ဆုံခဲ့ရာမှာ UNFC ဘက်ကတောင်းဆိုထားတဲ့ အချက် ၈ ချက်နဲ့ ပတ်သက်ပြီး ထပ်မံသဘောတူညီချက်ရတာမျိုးတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် မွန်ပြည်သစ်ပါတီ အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်ချင်တယ်ဆိုရင် NCA လက်မှတ်ထိုးဖို့ လိုအပ်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ချက်ချခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ဘီဘီစီကို ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆိုတဲ့ အသုံးအနှုန်းကို UNFC ဘက်က သုံးနှုန်းစေချင်ပေမယ့် အစိုးရဘက်က ဖက်ဒရယ်မူအပေါ် အခြေခံတဲ့ ဒီမိုကရေစီ ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကိုသာ သုံးချင်တဲ့ သဘောထားကွဲလွဲမှုမျိုးဟာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်လက်ညှိနှိုင်းသွားလို့ ရနိုင်တယ်လို့လည်း နိုင်ဝင်းလှက ဆိုပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့မှာ UNFC အရေးပေါ်အစည်းအဝေးကျင်းပမှာ ဖြစ်ပြီး အဲဒီအစည်းအဝေးက ဘယ်သူတွေ လက်မှတ်ထိုးမယ်ဆိုတာကို ဆွေးနွေးကြမယ် လို့လည်းနိုင်ဝင်းလှက ပြောပါတယ်။