စိန်ခေါ်မှုတွေနဲ့ ရခိုင် အမျိုးသား ပါတီ

ဓာတ်ပုံ မူပိုင် ANP
Image caption ရခိုင် လူမျိုး တွေရဲ့ သဘောထား ကို ထည့်သွင်း ခဲ့ခြင်း မရှိ

စိန်ခေါ်မှုတွေ များစွာနဲ့ ကြုံတွေ့နေရတဲ့ တိုင်းရင်းသားပါတီကြီးတစ်ခု ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ၄ ရက်ကြာမြင့်မယ့် ဗဟိုထိပ်တန်း အစည်းအဝေးကို ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့ ပါတီအတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးတို့ နှုတ်ထွက်မှုအပါအဝင် အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်အမျိုးသားပါတီ အေအန်ပီရဲ့ အရေးကြီးတဲ့ ဗဟိုအဆင့် အစည်းအဝေးကို စစ်တွေမြို့မှာ လုပ်နေတာပါ။

ရခိုင် အမျိုးသား ပါတီ အစည်းအဝေးကို အလုပ်အမှုဆောင် ကော်မတီဝင် ၂၈ ဦး၊ ဗဟို ကော်မတီဝင် ၈၉ ဦးထဲမှ အများစု တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နုတ်ထွက်တာနဲ့ ပတ်သက်ပြီး ပါတီအပေါ်မှာ ရိုက်ခတ်မှု ရှိခဲ့ကြောင်း အထွေထွေ အတွင်းရေးမှူး ဉီးထွန်းအောင်ကျော် က ပြောပါတယ်။

ပါတီ ရုံးခွဲတွေရှိရာ မြို့နယ်တွေက စာတန်း ၂၁ စောင်ကိုလည်း ဖတ်ကြားတင်သွင်းခဲ့ရာ ဘင်္ဂလာဒေ့ရှ်နိုင်ငံကနေ ပြန်လည် ဝင်ရောက်မယ့် ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး တင်ပြတာတွေပါဝင်တယ်လို့ သိရပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံကို ကမ္ဘာက ဖိအားပေးမှုတွေ အဆမတန် များပြား ခဲ့ပြီး ရခိုင်ပြည်နယ် ကို အထင်အမြင် လွဲမှားမှုတွေ ရှိခဲ့ကြောင်း ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ဆိုပါတယ်။

ပြန်လည် ဝင်ရောက်လာမယ့် ဒုက္ခသည်တွေကိစ္စမှာလည်း ရခိုင် လူမျိုး တွေရဲ့ သဘောထား ကို ထည့်သွင်း ခဲ့ခြင်း မရှိတဲ့ ကိစ္စကိုလည်း ANP အစည်းအဝေးမှာ ဆွေးနွေးနေကြပါတယ်။

အစည်းအဝေးအပေါ် ရခိုင်ပြည်သူတွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတာတွေလည်း ရှိနေပါတယ်။

အစည်းအဝေးကို ဇန်နဝါရီ ၇ ရက်နေ့ထိ ၄ ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပြီး ပါတီအတွင်း ပြောင်းလဲမှုတွေလည်း များစွာရှိလာနိုင်တယ်လို့ လေ့လာသုံးသပ်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ