မောင်တောမြို့နယ်မှာ တပ်က ဂျီအီးကား မိုင်းဆွဲခံရ

ဓာတ်ပုံ မူပိုင် STR
Image caption သေနတ်သံ တိတ် နေရာက ပြန်ပေါ်လာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အစိုးရ တပ်မတော် ဂျီအီးကားတစီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သား တချို့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အခု တိုက်ခိုက်ခံရတာက မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲ အပိုင် ထရိန်းကျေးရွာ အနီးမှာ ဖြစ်ပါတယ်။

တပ်မတော် ဂျီအီး တပ်ဖွဲ့က ကားတစီးကို လက်နက်ကိုင် အဖွဲ့ တခုက မိုင်းဆွဲ တိုက်ခိုက် ပြီးနောက် ချက်ချင်းဆိုသလို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်ခံရတဲ့ အတွက် စစ်ကားရဲ့ နောက်ဘီးတွေ ပျက်စီးကုန်ပြီး အစိုးရ ထုတ်ပြန်ချက်အရ အရာရှိ စစ်သည် တယောက်၊ စစ်သည် ၅ ယောက်နဲ့ အရပ်သား တယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဘယ်သူ့လက်ချက် ဆိုတာကိုတော့ အစိုးရဘက်က စိစစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မောင်တောမှာ ကင်းလှည့်နေတဲ့ စစ်သား

ပေါက်ကွဲသံနဲ့ လက်နက်ငယ်တွေ ပစ်ခတ်သံတွေကို တော်တော် ခပ်လှမ်းလှမ်းက ကြားခဲ့ရတယ်လို့ အနီးအနားရှိ ခုန်တိုင် မြိုရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အခုလို တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာလည်း ကျွန်းပေါက်အုပ်စု လဘော်၀ ကျေးရွာဘက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ် အတွင်း အခုလို တိုက်ခိုက်မှု ပြန်ဖြစ်လာတာနဲ့ ပတ်သက်ပြီး နယ်ခြားစောင့် တာဝန်ရှိသူတွေကိုရော မြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ် မေးမြန်းပေမယ့် ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါဘူး။

မောင်တောဒေသခံ လူထုတွေ အကြားမှာတော့ သေနတ်သံတွေ အချိန်ကြာကြီး တိတ်ဆိတ် နေခဲ့ရာက ထပ်မံ ပေါက်ကွဲသံတွေ၊ သေနတ် ပစ်ခတ်သံတွေ ထပ်မံ ကြားလာရတဲ့ အတွက် လုံခြုံရေး အရ စိုးရိမ်မှုတွေ ဖြစ်နေကြတယ် လို့ သိရပါတယ် ။