မိုင်းပျဉ်းမှာ RCSS/SSA နဲ့ အစိုးရတို့ တိုက်ပွဲဖြစ်

ဓာတ်ပုံ မူပိုင် RCSS/SSA
Image caption တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးပြီးချိန်က စပြီး RCSS/SSA နဲ့ အစိုးရတပ်မတော်တို့ ၂၄ ကြိမ် တိုက်ပွဲ ဖြစ်ထား

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက အစိုးရတပ်မတော်နဲ့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကော်မတီ/ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ RCSS/SSA က ပြောပါတယ်။

ဒီတိုက်ပွဲရဲ့ ထိခိုက်ဒဏ်ရာရမှု အခြေအနေကတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ကလည်း လွိုင်လင်မြို့နယ် နောင်လိုင်ကျေးရွာအုပ်စု လုံခင်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ RCSS SSA ဘက်က တဦးကျဆုံးခဲ့တယ်လို့ ဒီအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ပွဲမှာ နေ့လည်စာ စားနေတဲ့ တပ်သား လေးဦးကို အင်အား ၈၀ လောက်ရှိမယ့် တပ်ရင်း ၂ ခုက ဝိုင်ဝန်း ပစ်ခတ်ခဲ့တာလို့ သူက ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးပြီးချိန်က စပြီး RCSS/SSA နဲ့ အစိုးရတပ်မတော်တို့ ၂၄ ကြိမ် တိုက်ပွဲ ဖြစ်ထားတယ်လို့ RCSS/SSA က ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ရပ်စောက်မြို့နယ်က RCSS/SSA အဖွဲ့ဝင် လေးဦးကို တရားမဝင် အခွန်ကောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရ တပ်မတော်က ဖမ်းဆီးထားပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲတွေ မလုပ်ဖို့ အစိုးရတပ်မတော်က တားမြစ်မှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း အခုလို တိုက်ပွဲ ဖြစ်တာတွေ များလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် U TIN MAUNG THEIN FACEBOOK
Image caption ရှမ်းပြည်နယ် မြောက်ပိုင်းက ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးရသူ ထောင်ကျော်ရှိခဲ့

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော်ဘက်က နေရာ ချဲ့ထွင်လာတဲ့အတွက် ပဋိပက္ခတွေ များလာတာသာမက RCSS/SSA အဖွဲ့ဝင်တွေကို စီးပွားရေးအရလည်း နှောက်ယှက်မှုတွေ ရှိလာတဲ့အတွက် နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး တပြိုင်တည်း ဖိအားပေးနေတယ်လို့ ယူဆရကြောင်း ကွန်ဟိန်းဒေသက အရပ်ဖက် လူမှု အဖွဲ့အစည်း ခေါင်းဆောင် တဦးဖြစ်တဲ့ မနန်းဝါနုက ဘီဘီစီကို ပြောပါတယ်။

RCSS/SSA အဖွဲ့ဟာ အပစ်ရပ် NCA လက်မှတ် ထိုးပြီးကာစ အချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို သွားရောက် အခြေချဖို့ ကြိုးစားခဲ့ဖူးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အဲဒီ ရှမ်းမြောက်ဒေသမှာ လှုပ်ရှားနေတဲ့ တအာင်းပလောင် တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ၂၁ ရာစု ပင်လုံ တတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် လင်းခေးမြို့မှာ လုပ်မယ့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားကို တင်ပြနိုင်ဖို့ရေး ဆွေးနွေးပွဲတရပ်ကို ဇန်နဝါရီလ ၇ ရက် တောင်ကြီးမြို့မှာ လုပ်ဖို့ ကိစ္စကိုလည်း အာဏာပိုင်တွေက ခွင့်ပြုချက် မပေးခဲ့ဘူးလို့ ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။