EU မြန်မာ ကုန်သွယ်မှု စာချုပ် မချုပ်ဆိုနိုင်

ဓာတ်ပုံ မူပိုင် MIC
Image caption (၂)ဖက် ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ညှိနှိုင်းသဘောတူကြမယ့် နောက်ဆုံး အဆင့်တွေ့ဆုံဆွေးနွေးပွဲရောက်မှ ပျက်ခဲ့ရ

ဥရောပသမဂ္ဂ နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှု အကာအကွယ်ပေးရေးစာချုပ် မချုပ်ဆိုနိုင်သေးတာဟာ မြန်မာနိုင်ငံတွင်း အီးယူရဲ့ ရင်းနှီးမြုပ်နှံမှုတွေ တုံ့ဆိုင်းသွားမယ့် သဘော ဆောင်တယ် လို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြောပါတယ်။

EU -မြန်မာ ကုန်သွယ်မှု အကာအကွယ်ပေးရေးစာချုပ်ဟာ (၂)ဖက် ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ညှိနှိုင်းသဘောတူကြမယ့် နောက်ဆုံး အဆင့်တွေ့ဆုံဆွေးနွေးပွဲရောက်မှ ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

ရခိုင် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ နဲ့ သေဆုံးမှုတွေ ရှိခဲ့တဲ့ ပဋိပက္ခတွေမှာ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ဝေဖန်ခံရပြီးနောက်မှာ ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဖို့ နောက်ဆုံးညှိနှိုင်းကြမယ့် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့တာပါ။

အခုချိန်အထိလည်း စာချုပ်ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရဖက်ကို ဆက်သွယ်လာတာ မရှိသေးဘူးလို့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ပြောပါတယ်။

ဒီလိုလုပ်တဲ့အတွက် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်း EU ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ တုံ့ဆိုင်းသွားမယ့် သဘောရှိတယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။

ကုန်သွယ်မှု အကာအကွယ်ပေးရေးစာချုပ်ဟာ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုတိုးလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာ ချုပ်ဆိုတာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ပြည်တွင်း ဥပဒေတွေအရ အကာအကွယ်ပေးနိုင်မယ့် အချက်တွေကို ထည့်သွင်းချုပ်ဆိုကြတာ ဖြစ်ပါတယ်။

အခုလို EU နဲ့ ကုန်သွယ်ရေးကာကွယ်မှု စာချုပ်မချုပ်နိုင်တာဟာ မြန်မာ နိုင်ငံ အတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ထိခိုက် မှု ရှိခဲ့တယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

EU ဟာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

လောလောဆယ် ဗြိတိန်အပါအဝင် EU အဖွဲ့ဝင် ၈ နိုင်ငံဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ သြစတြီးယား၊ လူဇင်ဘတ် စတဲ့နိုင်ငံတွေက ရင်းနှီးမြုပ်နှံမှုပမာဏ က ဒေါ်လာ ၆.၅ ဘီလျံရှိပြီး ဗြိတိန် နဲ့ ဂျာမနီကတော့ ရင်းနှီးမြုပ်နှံမှုအများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ