မွန်ပြည်နယ်အစိုးရကို ဝေဖန်သူ အမှုဖွင့်ခံရ

ဓာတ်ပုံ မူပိုင် Aung Ko Ko Lwin / Facebook
Image caption တရားစွဲခံရသူ သထုံမြို့က ဦးအောင်ကိုကိုလွင်

မွန်ပြည်နယ်အစိုးရအဖွဲ့ကို လူမူကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဝေဖန်ပြောဆိုခဲ့သူ သထုံမြို့ခံ ဦးအောင်ကိုကိုလွင်ကို ဇန်နဝါရီ ၆ ရက်က သထုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဦးအောင်ကိုကိုလွင်ကို အမှုဖွင့်တိုင်တန်းခဲ့သူက မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများရေးရာ ကော်မတီအဖွဲ့ဝင်ဖြစ်သူ သထုံမြို့ခံ ဦးစောကျော်မိုးဖြစ်ပြီး၊ သူက မြို့မိမြို့ဖ အနေနဲ့ တိုင်တန်းခဲ့တာလို့ ဆိုပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်တင်အိတို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က သထုံမြို့မှာ မြို့ခံတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဒေသခံတဦးက ကုန်ဈေးနှုန်းကျဆင်းအောင် လုပ်ပေးဖို့ပြောဆိုရာ ကုန်ဈေးနှုန်းကျဆင်းချင်ရင် အိမ်တိုင်း ဟင်းတမည်သာ စားဖို့ ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး ဦးအောင်ကိုကိုလွင်က လူမှုကွန်ရက်ကနေ ဝေဖန် ပုတ်ခတ် ရေးသားခဲ့လို့ဆိုပြီး အခုလို အမှုဖွင့်ခံခဲ့ရတာပါ။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြည်နယ်အစိုးရအဖွဲ့ စားသောက်နေတဲ့ ဓာတ်ပုံ တပုံကို တင်ပြီး ပြန်လည် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်ကိုကိုလွင်ကို သထုံမြို့မရဲစခန်းမှာ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀နဲ့ အမှုဖွင့်ထားပြီး လက်ရှိမှာတော့ အာမခံ ခံဝန်ပေးထားကာ တရားဥပဒေအတိုင်း စစ်ဆေးအရေးယူသွားမယ်လို့ သထုံမြို့မရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းက ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ် လွှတ်တော်ကော်မတီအဖွဲ့ဝင် သထုံမြို့ခံတဦးက အခုလိုတရားစွဲတာက တဖက်လှည့်နဲ့တရားစွဲခိုင်းတယ်လို့ ယူဆကြောင်းနဲ့ နိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်အရ ပွင့်ပွင့်လင်းလင်းပြောဆိုတာမျိုးကို ပြောင်းလဲချိန်တန်ပြီလို့ဆိုထားတဲ့ အစိုးရဆိုင်ရာအဖွဲ့ အနေနဲ့ ဒီလိုအမှုဖွင့်မယ်လို့ မထင်ထားခဲ့ကြောင်း ဦးအောင်ကိုကိုလွင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ