ရိုက်တာ သတင်းထောက်တွေကို လျှို့ဝှက်အက်နဲ့ တရားစွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖမ်းဆီးခံ သတင်းထောက် ကိုကျော်စိုးဦးနဲ့ မိသားစုဝင်တချို့

ရိုက်တာ သတင်းထောက် ၂ ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု ပြစ်မှုနဲ့ ရုံးတင် တရားစွဲဆို လိုက်ပါတယ်။

အင်းစိန်မြို့နယ် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး မှာ ဒီနေ့ (၁၀ ရက်နေ့) နံနက်ပိုင်းက သတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင် တို့ ၂ ယောက်ကို ရုံးထုတ်ရာမှာ အစိုးရရှေ့နေတွေက တရားဝင် စွဲချက်တင်ခဲ့တာကို ရုံးတော်က လက်ခံခဲ့တာလို့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေက ပြောပါတယ်။

သတင်းထောက် ၂ ယောက် အတွက် အာမခံတင်ထားကြောင်း သူတို့ဘက်က ကူညီအကျိုးတော်ဆောင်ပေးနေတဲ့ မြန်မာမီဒီယာရှေ့နေများကွန်ရက် အတွင်းရေးမှူး တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ဘီဘီစီကို ပြောပါတယ်။

လာမယ့် ၂၃ ရက်နေ့ ရုံးချိန်မှာ အာမခံ အတွက် စွပ်စွဲခံရသူတွေဘက်က လျှောက်ထားဖို့ ရှိပြီး အဲဒီမှာ အာမခံ ရ၊ မရ တရားရုံးတော်က တခါတည်း ဆုံးဖြတ်နိုင်သလို နောက်ထပ် ရုံးချိန်းတွေကျမှလည်း ဆုံးဖြတ်နိုင်တယ်လို့ ဦးသန်းဇော်အောင်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖမ်းဆီးခံကိုကျော်စိုးဦးအတွက် မိခင်ရဲ့ သောက

သတင်းထောက်တွေကို ချက်ချင်း လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေကြပေမယ့် အခုလို လျှို့ဝှက်အက်ဥပဒေနဲ့ ပုဒ်မ တပ် တရားစွဲဆိုမှုကို တရားရုံးက လက်ခံလိုက်တဲ့ အတွက် ဒီအမှုက ရှေ့ဆက် သွားမယ့် သဘောရှိပါတယ်။

သူတို့ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင် အများဆုံး ပြစ်ဒဏ် ၁၄ နှစ် အထိ ကျခံရနိုင်ဖွယ်ရှိပါတယ်။

ဒီအမှုမှာ တရားလိုဘက်က သက်သေ ၂၅ ယောက် ဝန်းကျင်ရှိပြီး အဲဒီထဲမှာ ရိုက်တာ သတင်းထောက်တွေကို အစိုးရ စာရွက်စာတမ်း တချို့ ပေးမှုနဲ့ ရဲဥပဒေအရ အရေးယူမယ်လို့ ကြေညာထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် အမည်တွေလည်း ပါဝင်ပါတယ်။

ဒီလို အမှုမျိုးက ၁ နှစ် ဝန်းကျင် အထိ အချိန်ကြာနိုင်ကြောင်း ရှေ့နေ ဦးသန်းဇော်အောင် က သုံးသပ်ပါတယ်။

တရားရင်ဆိုင်ရမယ့် သတင်းထောက် ၂ ယောက်ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တုန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ တွေ့ဆုံပြီးနောက်ပိုင်း အစိုးရ စာရွက်စာတမ်းတချို့ လက်ဝယ်တွေ့ရှိမှုနဲ့ ထောက်ကြန့်မှာ အဖမ်းခံခဲ့ရတာပါ။

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ဆက်စပ်တဲ့ အစိုးရ စာရွက်စာတမ်းတွေကို တရားမဝင် ရယူခဲ့လို အရေးယူခဲ့တာလို့ ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားပေမယ့် သတင်းထောက်တွေကတော့ ဒါကို ငြင်းဆိုထားပါတယ်။

သတင်းထောက် ၂ ယောက် ဟာ အဖမ်းမခံရခင်က ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းမှာ သတင်းရယူတာတွေ လုပ်ခဲ့တာပါ။

သတင်းထောက်တွေ အနေနဲ့ အမှားတခုမှ ကျူးလွန်ခဲ့တာ မရှိဘူးလို့ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တရားရုံးရှေ့မှာ သတင်းလွတ်လပ်ခွင့် အတွက် ဆန္ဒဖော်ထုတ်

"သတင်းတွေကို မှန်မှန်ကန်ကန် မထုတ်ဖော်နိုင်အောင် သူတို့ကို မမှန်မကန်နည်းနဲ့ ဖမ်းဆီးခဲ့တာ" လို့ ဖမ်းဆီးခံ သတင်းထောက် တဦးဖြစ်တဲ့ ကိုဝလုံးက ဒီနေ့ ရုံးထုတ် အပြီးမှာ မီဒီယာတွေကို ဟစ်အော် ပြောသွားခဲ့ပါတယ်။

ဖမ်းဆီးခံ သတင်းထောက် ကိုကျော်စိုးဦး ကလည်း "ကျွန်တော်တို့ နောက်ကွယ်မှာ အမှန်တရားတွေ အများကြီး ရှိနေတယ်" လို့ ပြောသွားခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းကို စွပ်စွဲခံရသူ ၂ ယောက်ရဲ့ မိသားစုဝင်တွေ အပါအဝင် နိုင်ငံတကာက သံတမန်တွေနဲ့ စာနယ်ဇင်း အများအပြား လာရောက် ခဲ့ကြသလို မီဒီယာ သမားတွေကလည်း အနက်ရောင် ဆင်တူဝတ်ဆင်ပြီး သတင်းထောက် ၂ ယောက် လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မိသားစုဝင်တွေကလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေကို အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ