အင်းဒင်က အလောင်းတွေဟာ ဘင်္ဂါလီ အလောင်းတွေလို့ စစ်ဆေးတွေ့

ဓာတ်ပုံ မူပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption အင်းဒင်သုသာန်မှာ လူတွေ သတ်ဖြတ် မြှုပ်နှံထားမှုမှာ လုံခြုံရေး တပ်ဖွဲ့တွေ ပါမပါဆိုတာကို တပ်မတော်က စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေး

မောင်တောမြို့နယ် အင်းဒင် ကျေးရွာ သုသာန်မှာ အစုလိုက် အပြုံလိုက် မြုပ်နှံထားတဲ့ ရုပ်အလောင်းတွေဟာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ ရုပ်အလောင်းတွေ ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလို့ ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

အင်းဒင် ကျေးရွာသား ဦးမောင်နီ လယ်တောကို အသွား ဘင်္ဂါလီရွာသားတွေက ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ အတွက် ရွာသားတွေက စိတ်နာကျည်းပြီး လက်စားချေ တုန့်ပြန်ခဲ့တာလို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

တပ်မတော်ရဲ့ သတင်း ထုတ်ပြန်ချက်အရ သြဂုတ်လ ဖြစ်စဉ် ဖြစ်ပွားပြီးစ စက်တင်ဘာလ ၁ ရက်နေ့မှာ သူတို့အခေါ် ဘင်္ဂါလီ အကြမ်းဖက်သမား အယောက် ၂၀၀ လောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဝိုင်းရံ တိုက်ခိုက်ခဲ့ရာမှာ အဲဒီထဲက ၁၀ ယောက်ကို ဖမ်းမိခဲ့ကြောင်း၊ သူတို့ကို ရဲစခန်းပို့ဖို့ နယ်မြေ အခြေအနေ ငြိမ်သက် အေးဆေးမှု မရှိတဲ့ အတွက် သုသာန်မှာ သတ်ဖြတ်ဖို့ ခေါ်ဆောင်သွားစဉ် ဦးမောင်နီရဲ့ သားနှစ်ဦးနဲ့ ရွာသားတဦးတို့က ဓါးနဲ့ ခုတ်ခဲ့ကြောင်းနဲ့ ရုန်းရင်းဆန်ခတ် အခြေအနေကို လုံခြုံရေး တပ်ဖွဲ့ဝင် ၄ဦးက သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အင်းဒင်က အလောင်းတွေ နှစ်ချီကြာနေနိုင်

ဒီဖြစ်ရပ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါဝင် ပတ်သက်မှု ရှိမရှိ ဆိုတာကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးတဲ့ အဖွဲ့ဝင် ၅ဦးက အခင်းဖြစ်ပွားရာ နယ်မြေကို သွားရောက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စမှာ ပါဝင် ပတ်သက်ခဲ့သူ ရွာသားတွေနဲ့ ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့သူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သလို ဖြစ်စဉ်မှာ မပါပေမယ့် အထက်ဌာန အဆင့်ဆင့်ကို တင်ပြခဲ့ခြင်း မရှိတဲ့ တာဝန်ရှိသူတွေကိုလည်း လိုအပ်သလို ဖော်ထုတ် အရေးယူ သွားမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်အရေးလေ့လာနေတဲ့ စာရေးဆရာ စည်သူအောင်မြင့်ကတော့ ရခိုင်ပြည်နယ်မှာ သြဂုတ်လ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နောက်ပိုင်း တပ်မတော်ကရော အစိုးရကပါ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ ဒီဖြစ်စဉ်က လုံးလုံး ပါဝင်တာ မရှိခဲ့ကြောင်း၊ ဒါကို ကြည့်မယ်ဆိုရင် ဒီစုံစမ်း စစ်ဆေးမှုတွေဟာ မပြည့်စုံဘူး ဆိုတဲ့ သဘောကို ဖေါ်ပြနေတယ်လို့ သုံးသပ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ