ဖားကန့် မြေစာပုံ ပြိုကျမှု လူလေးဦး သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာခဲ့တာကြောင့် မြေစာပုံထဲ ရေတွေ စိမ့်ဝင်ပြီး မြေစာပုံ ပြိုကျခဲ့တာလို့ ဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာနားမှာ ဇန္နဝါရီလ ၁၀ရက်နေ့ မနက်က ရတနာ စန်းရွှင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ် မြေစာပုံ ပြိုကျမှုအတွင်း လူ လေးဦး သေဆုံးခဲ့ပါတယ်။

မြေစာပုံ ပြိုကျတဲ့ နေ့မှာ ရေမဆေးသမားတဦးရဲ့ အလောင်းကို ပြန်လည် တွေ့ခဲ့ပြီး နောက်တနေ့မှာတော့ နောက်ထပ် သုံးဦးရဲ့ အလောင်းကို တွေ့ခဲ့တယ်လို့ ဖားကန့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဘီဘီစီကို ပြောပါတယ်။

မြေစာပုံ ပြိုကျမှုအတွင်း လူ ၃၀၊ ၄၀လောက် ပျောက်နေတယ် ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးသား ဖေါ်ပြနေပေမယ့် တကယ်တမ်းမှာ လူလေးဦးသာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူက အတည်ပြု ပြောပါတယ်။

ရေမဆေး ရှာဖွေသူတွေဟာ စုဖွဲ့နေထိုင် အလုပ်လုပ်လေ့ ရှိကြပြီး တယောက်ယောက် ပျောက်ဆုံးရင် ချက်ချင်း သတင်းပို့လေ့ ရှိတဲ့အတွက် အခု ဒီအရေအတွက်ကို အတည်ပြုနိုင်တာလို့ ဆိုပါတယ်။

ဖားကန့် မြေစာပုံ ပြိုကျမှု ၉ ဦးသေ

ဖားကန့်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ မြေစာပုံ ပြိုကျမှုတွေအတွင်း ဒီဇင်ဘာလ ၄ရက်နေ့က ၆ဦး၊ ဒီဇင်ဘာလ ၆ရက်နေ့က ၅ဦး၊ အခု ဇန္နဝါရီလ ၁၀ရက်နေ့က ၄ဦး စုစုပေါင်း ၁၅ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အုပ်ချုပ်ရေး အဖွဲ့အစည်း တာဝန်ရှိသူတွေက အန္တရာယ် ရှိနိုင်တဲ့ နေရာတွေမှာ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေပေမယ့် ရေမဆေးသမားတွေကတော့ အန္တရာယ်ကို မမှုပဲ အသက်ကိုရင်းပြီး မြေစာပုံတွေကြား ကျောက်ရှာဖွေမှုတွေ လုပ်နေကြတယ်လို့ ဦးကျော်စွာအောင်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ