မြန်မာက လာအိုနိုင်ငံက လျှပ်စစ်ဓာတ်အားဝယ်ဖို့ ဆွေးနွေး

Image caption မြန်မာနိုင်ငံမှာ နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ တနှစ်ထက် တနှစ် မြင့်မားလာနေပြီး ၂၀၁၈ အတွက် လိုအပ်ချက် မဂ္ဂါဝပ် ၃၅၀ဝ ကျော် ရှိနေ

မြန်မာနိုင်ငံမှာ ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်တင်းဖို့အတွက် လာအိုနိုင်ငံက ဓာတ်အားဝယ်ယူဖို့ အတွက် ကနဦး အဆိုပြုချက်တွေကို အသေးစိတ် ဆွေးနွေးနေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို စီမံကိန်း ဖြစ်မဖြစ် လေ့လာရေးအတွက် နှစ်ဖက် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးတော့မှာလည်း ဖြစ်ပါတယ်။

အခုလို ဝယ်ယူဖို့ ရှိပေမယ့် နောက်ငါးနှစ်စာ ပြည်တွင်း ဓာတ်အားလိုအပ်ချက် ပြည့်မှီစေမယ့် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေကိုလည်း စီစဉ်ထားပြီးသား ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

ဒါပေမယ့် နယ်စပ်မြို့တွေမှာ ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဝယ်ယူ သုံးစွဲရတာတွေ ရှိနေပြီး ရခိုင်၊ ထားဝယ်စတဲ့ နေရာတွေက ဒေသခံတွေဟာ လျှပ်စစ် တယူနစ်ကို ကျပ်ငွေ ၂၀ဝ ကျော်အထိ ပေးဆောင် ရတာတွေလည်း ရှိနေပါတယ်။

အစိုးရ လျှပ်စစ်ဝန်ကြီးဌာနကတော့ လာအိုက ဝယ်ယူမယ့် ဓာတ်အားတွေဟာ လျှပ်စစ် မပို့လွှတ်နိုင်တဲ့ ဒေသတွေကို အဓိက ပို့လွှတ်ပေးဖို့ စီစဉ်တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အခုလို မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး ကိစ္စကို လာအိုအပြင် ထိုင်းနဲ့ အိန္ဒိယ အစိုးရတွေနဲ့လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ တနှစ်ထက် တနှစ် မြင့်မားလာနေပြီး ၂၀၁၈ အတွက် အမြင့်ဆုံး ဓာတ်အားလိုအပ်ချက် အနေနဲ့ မဂ္ဂါဝပ် ၃၅၀ဝ ကျော် အထိ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ