ABSDF ရဲ့ လူထုတွေ့ဆုံပွဲတချို့ တားမြစ်ခံရ

ဓာတ်ပုံ မူပိုင် ABSDF DEPT Facebook
Image caption ၂ ရက်ကြာ ကျင်းပနေပြီးမှ တားမြစ်ခံရတဲ့ မုံရွာမြို့က လူထုတွေ့ဆုံပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF အဖွဲ့ရဲ့ ပဲခူး၊ မုံရွာနဲ့ ပုသိမ်တို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လူထုတွေ့ဆုံပွဲတွေ မလုပ်ဖို့ အာဏာပိုင်တွေက ဟန့်တားခဲ့လို့ ဖျက်သိမ်းပေးခဲ့ရပါတယ်။

၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ တင်ပြဖို့အတွက် တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထိုးထားတဲ့ ABSDF အဖွဲ့က အခုလို လူထုတွေ့ဆုံပွဲတွေကို ဒေသခံ လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မြို့ကြီး ၇ မြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ပဲခူးနဲ့ မုံရွာက ပွဲနှစ်ပွဲကို ကျင်းပနေဆဲ ကာလမှာ ဟန့်တားခံခဲ့ရပြီး ဇန်နဝါရီလ ၁၃ ရက် ပုသိမ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လူထုတွေ့ဆုံပွဲကိုတော့ မပြုလုပ်ခင်မှာပဲ ဟန့်တားခံခဲ့ရတာ ဖြစ်ပါတယ်။

ABSDF ဟာ ၂၀၁၃ ခုနှစ် သြဂုတ်လကတည်းက NCA လက်မှတ်ထိုးထားပြီး အဲဒီ သဘောတူညီချက်အရ လူထုနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်ပြီး သဘောတူပြီးသား ဖြစ်ပေမယ့် သက်ဆိုင်ရာက အကြောင်းပြချက် မပေးပဲ လာရောက် တားမြစ်ခဲ့တာလို့ ABSDF အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ABSDF DEPT Facebook
Image caption ABSDF ရဲ့ မကွေးမြို့က လူထုတွေ့ဆုံပွဲကတော့ တားမြစ်ခံရခြင်း မရှိခဲ့

အခုလို တားမြစ်ခံရတဲ့အတွက် မူလက ဒေသ ကိုးခုမှာ လုပ်ဖို့ စီစဉ်ထားတဲ့ ကရင် လူထု တွေ့ဆုံပွဲတွေကိုလည်း ABSDF အပါအဝင် တခြား အပစ်ရပ်အဖွဲ့တွေရဲ့ လူထုတွေ့ဆုံပွဲ ကျင်းပခွင့်ရမှု အပေါ်မူတည်ပြီးမှသာ ဆက်လက် ကျင်းပဖို့ စီစဉ်ထားတယ်လို့ ကရင် အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီဝင် စောထွန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကတော့ အမျိုးသားအဆင့် ဆွေးနွေးပွဲနဲ့ လူထုတွေ့ဆုံပွဲတွေ လျစ်လျူရှု ကန့်သတ် ပိတ်ပင်မှုတွေ ရှိနေတဲ့အတွက် တပ်မတော် အပါအဝင် အစိုးရနဲ့ ဆွေးနွေးဖို့ရှိပြီး NCA စာချုပ်ပါ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ် အဆင့်အဆင့် အကောင်အထည် ဖော်ပြီးမှသာ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး တတိယအကြိမ် ညီလာခံကို ဆက်လုပ်မှာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC က ဇန်နဝါရီလကုန်မှာ ၂၁ ရာစု ပင်လုံညီလာခံ လုပ်မယ်လို့ ပြောဆိုထားပေမယ့် လူထုတွေ့ဆုံပွဲတွေ ဟန့်တားခံရတဲ့ ရှမ်းပြည်နယ်အပါအဝင် ရခိုင်ဒေသမှာလည်း အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးပါဘူး။

လတ်တလော ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲတွေမှာ ကျင်းပခွင့်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ အဖွဲ့အလိုက် မတူညီတဲ့ မူဝါဒနဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့အတွက် လူထုအခြေပြု ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ပေါက်လာဖို့ အလှမ်းဝေးနေသေးတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ