မောင်တောမှာ လက်နက်တွေ သိမ်းဆည်းရမိ

ဓာတ်ပုံ မူပိုင် ခရိုင် ပြန်/ဆက်
Image caption အောင်မင်္ဂလာကျေးရွာက ရွာသားတဦးက ဒီကန်ထဲမှာ ဖား၊ငါး ဖမ်းဖို့ ကြိုးစားရင်း အဲဒီသေနတ်တွေ တွေ့ခဲ့

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သက်ကယ်ပြင်ကျေးရွာမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက ရေကန်တခုအတွင်း လုပ်သေနတ် ၃၀ ကျော်ကို သိမ်းဆည်း ရမိခဲ့တယ်လို့ မောင်တောခရိုင်ရဲမှူးကြီး ထွန်းမြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

သက်ကယ်ပြင်ကျေးရွာသားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့အတွက် လူနေသူ မရှိတဲ့ ရွာလည်း ဖြစ်ပါတယ်။

အဲဒီရွာရဲ့ ဗလီရှေ့မှာရှိတဲ့ ရေကန်ထဲမှာ ဗုံးပစ်လောင်ချာလို့ ယူဆရတဲ့ လက်နက်တခု အပါအဝင် လုပ်သေနတ် ၃၂ လက် ကို သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အောင်မင်္ဂလာကျေးရွာက ရွာသားတဦးက ဒီကန်ထဲမှာ ဖား ငါး ဖမ်းဖို့ ကြိုးစားရင်း အဲဒီသေနတ်တွေ တွေ့ခဲ့လို့ ဒေသခံရဲတွေကို အကြောင်းကြားပြီး သိမ်းဆည်းခဲ့တာလို့ အောင်မင်္ဂလာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။

အခုလို တွေ့ရှိခဲ့တဲ့ လက်နက်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လက မောင်တောမြို့နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်းမှာ အသုံးပြုခဲ့တဲ့ လက်နက်ဖြစ်နိုင်တယ်လို့လည်း ရဲမှူးကြီး ထွန်းမြင့်ထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ်အေးက ရခိုင်ပြည်နယ်က ဒုက္ခသည်လက်ခံမယ့် စခန်းတွေကို ဇန်နဝါရီလ ၁၄ ရက်က သွားရောက်ခဲ့

၂၀၁၇ ခုနှစ် သြဂုတ်လက မောင်တော မြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရသူတွေ ၆ သိန်းကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပြီး အဲဒီ ဒုက္ခသည်တွေကို စိစစ်လက်ခံဖို့ ကိစ္စကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ