မွန် နိုင်ငံရေး ပါတီ တစ်ခု ထွက်ပေါ်လာ

ဓာတ်ပုံ မူပိုင် MON political confrence
Image caption နိုင်ငံရေး ပါတီ သစ် တစ်ခု ထူထောင် ဖို့ ထောက်ခံခဲ့ကြ

ဇန်နဝါရီလ ၁၃ ရက်နဲ့ ၁၄ ရက်တို့ မှာ မွန် တိုင်းရင်းသား တွေ ရဲ့ နိုင်ငံရေး ညီလာခံကိုမော်လမြိုင်မြို့မှာ ကျင်းပ ခဲ့ပါတယ်။

အဆိုပါ ညီလာခံ ကနေပြီး မွန်တိုင်းရင်းသား တို့ အတွက် နိုင်ငံရေး ပါတီ သစ် တစ်ခု ကို တည်ထောင် သွားမယ် ဆိုပြီး ဆုံးဖြတ် ခဲ့ကြောင်း သိရှိရပါတယ်။

လာမယ့် ၆ လ အတွင်း မွန် တမျိုးသားလုံး ကို ကိုယ်စားပြုတဲ့ ပါတီ ဖြစ်ပေါ် လာရေး အတွက် ၂၁ ဦးပါဝင်တဲ့ ပါတီ ဖြစ်မြောက်ရေး ကော်မတီ တစ်ရပ် ကိုလည်း ဖွဲ့စည်း ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့တဲ့ မွန် အမျိုးသား ပါတီ အပါအဝင် အခြား ပါတီ တွေ နဲ့ ပေါင်းစည်း ပြီး ပါတီ တစ်ခုထဲ ဖြစ်ရေး ကို ကြိုးပမ်း ခဲ့ပေမယ့် ပေါင်းစည်း နိုင်တဲ့ လမ်း မရှိတဲ့ အတွက် အခုလို ပါတီသစ် ထူထောင် ဖို့ ဆုံးဖြတ် ခဲ့ရတာလို့ ညီလာခံ ဦးဆောင် ကျင်းပ ခဲ့သူက ပြောပါတယ်။

နိုင်ငံရေး ပါတီသစ် တည်ထောင်မယ် ဆိုတဲ့ အခြေအနေ ကြောင့် မွန် အမျိုးသား တို့ ရဲ့စည်းလုံး ညီညွှတ်မှု ကို ထိခိုက် မှု မရှိ နိုင်ဘူး လို့လည်း ညီလာခံ ကျင်းပရေး ကော်မတီ တွဲဘက် အတွင်းရေးမှူး နိုင်စိုးအောင်က ပြောပါတယ်။

မွန် ပြည်နယ် က ပြည်သူတွေ အနေနဲ့ နိုင်ငံရေး ပါတီတွေ ပေါင်းစည်းမှု မရှိတဲ့ အတွက် စိတ်ပျက် မှု တွေ ရှိနေပြီး လူငယ် မျိုးဆက်သစ် တွေ က နိုင်ငံရေး ကို စိတ်ပါဝင်စားမှု နည်းလာ နိုင်တာကြောင့် အခုလို ပါတီ သစ်ကို ထူထောင် ခဲ့ကြ တာ လို့ တာဝန်ရှိသူ က ဆိုပါတယ်။

မွန် နိုင်ငံရေး ညီလာခံ ကို ကိုယ်စားလှယ် စုစုပေါင်း ၇၀၀ ကျော် တက်ရောက် ခဲ့ပြီး ကိုယ်စားလှယ် တွေ အားလုံး က နိုင်ငံရေး ပါတီ သစ် တစ်ခု ထူထောင် ဖို့ ထောက်ခံခဲ့ကြတာလို့ သိရပါတယ်။

မွန် အမျိုးသား တို့ရဲ့ နိုင်ငံရေး ပါတီ သစ် အမည်ပေးတာ၊ ပါတီ မူဝါဒ လမ်းစဉ် ဖော်ဆောင်မှု ကိစ္စတွေ ကို လာမယ့် ရက်တွေ အတွင်း မှာ ဆွေးနွေး အတည်ပြုဖို့ ရှိနေပါတယ်။

နိုင်ငံရေး ညီလာခံ ကို လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ မွန်ပြည်သစ် ပါတီ NMSP က လေ့လာသူ အဖြစ် တက်ရောက် ခဲ့ပါတယ်။

ဒါပေမယ့် တရားဝင် နိုင်ငံရေး ပါတီ တွေ ဖြစ်ကြတဲ့ မွန် အမျိုးသား ပါတီ နဲ့ မွန်ဒေသ လုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ တို့က တော့ နိုင်ငံရေး ညီလာခံ ကို တက်ရောက် ခဲ့ခြင်း မရှိပါဘူး။

ဆက်စပ် အကြောင်းအရာများ