ကလေးတွေမှာ တရားဝင် နိုင်ငံသား တစ်ခုခု ရရှိ နိုင်ပါ့မလား

Image caption ကလေးငယ် ၂ သောင်းခွဲကျော် ၂ဝ၁၈ထဲ မွေးလာနိုင်

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် စခန်းတွေထဲ မွေးမွားလာတဲ့ ကလေးငယ်တွေ အနေနဲ့ နိုင်ငံတစ်ခုခုရဲ့ တရားဝင် နိုင်ငံသား ဖြစ်လာပါ့မလား ဆိုတဲ့ အပေါ် အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ စိုးရိမ် နေကြပါတယ်။

စခန်းတွေထဲ ရောက်ရှိ နေကြသူ တော်တော်များများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဘက်က သေချာ မှတ်ပုံတင် စာရင်းသွင်းတာမျိုး ပြုလုပ် မထားဘူးလို့ ကုလ အရာရှိတွေက ဆိုပါတယ်။

ဒါ့ကြောင့်လည်း အစိုးရက ပံ့ပိုးပေးတဲ့ အခြေခံ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မရရှိပဲ ဖြစ်နေတဲ့ ဒုက္ခသည် တော်တော်များများ ရှိနေတယ်လို့လည်း ပြောပါတယ်။

Image caption တရားဝင် နိုင်ငံသား ဖြစ်လာပါ့မလား

ဒုက္ခသည်စခန်းတွေထဲ အခု ၂ဝ၁၈ ခုနှစ်ထဲမှာတင် မွေးဖွားလာမယ့် ရိုဟင်ဂျာ ကလေးငယ် ၂ သောင်းခွဲကျော် ရှိနိုင်တယ်လို့ ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ ယူနီဆက်ဖ် UNICEF က ခန့်မှန်း ထားပါတယ်။

ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ရုံးက အရာရှိတွေ နေပြည်တော်မှာ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ဆုံ ညှိနှိုင်း နေကြပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အတွက် အခု ဆွေးနွေးညှိနှိုင်းမှုတွေဟာ ရေရှည် အတွက် အဖြေ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ဘီဘီစီကို ပြောပါတယ်။

Image caption နိုင်ငံသားအဖြစ်လည်း အသိအမှတ်ပြုဖို့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး တိုက်တွန်း

မြန်မာအစိုးရ အနေနဲ့ ဒီမွတ်ဆလင် ဒုက္ခသည်တွေကို ရိုဟင်ဂျာ အဖြစ် အသိအမှတ် ပြုဖို့နဲ့ မြန်မာ နိုင်ငံသားအဖြစ်လည်း အသိအမှတ်ပြုဖို့ လိုအပ်ကြောင်း မစ္စတာ ဂရန်ဒီက ပြောပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက ဘယ်အချိန်မှာ အခြေ အနေတွေဟာ မှန်မှန် ကန်ကန် နဲ့ အဆင်ပြေပြေ ဖြစ်လာမလဲ ဆိုတာ ပဲ ဖြစ်ပါတယ်။

မြန်မာအစိုးရ ဘက်က စိုးရိမ်နေတာကတော့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရာမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့သူတွေ ရောနှော ပါဝင်လာမှာကို ဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ ဒုက္ခသည် ပြန်လည် လက်ခံရေး အစီအစဉ်ကို စောင့်ကြည့် လေ့လာခွင့် ပေးဖို့ တောင်းဆိုနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဆုံဆို့ရောဂါဖြစ်ပွား

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ